ကျွန်မနဲ့တစ်နေ့တာ…..
ကျွန်မခပ်သွက်သွက်ကလေး လျှောက်မိနေပါတယ်…
ကျွန်မအလုပ်နောက်ကျလို့လုံးဝကို မဖြစ်ပါ.. ဒီနေ့အဖိတ်နေ့ဆိုတော့.. ဈေးမှာ အရမ်းရောင်းကောင်းတာ….. ဆိုင်ကိုလဲစောစောဖွင့်ရတယ်လေ..
သိပ်မဝေးလှတဲ့ ကျွန်မစီးနေကျ ကားမှတ်တိုင်က ဒီနေ့မှ ပိုဝေးနေတယ်လို့ ခံစားမိနေပါတယ်…..
ခြေထောက်ကို မိုင်ကုန်တင်ထားရလို့…. ကျွန်မခြေလှမ်းတွေက တစ်ပေခွဲထက်တောင် ပိုကျယ်နေသလိုပါပဲ….။
ခပ်တင်းတင်းဝတ်ထားတဲ့ လုံချည်က အောက်ဘက်မှာ ရှည်ထွက်လို့နေပါတယ်…
ထီးနဲ့ထမင်းချိုင့်ထည့်ထားတဲ့ ခြင်းကတစ်ဖက်၊ ညနေကျ ဓမ္မာရုံကိုသွားဖို့ အင်္ကျီတွေ ထည့်ထားတဲ့အိတ်ကတစ်ဖက်နဲ့မို့…. ဘာမှလဲပြန်ပြင် ပြီး မ၀တ်နိုင်တော့ဘူးလေ……..
“မင်္ဂလာဈေး..တာမွေ… မင်္ဂလာဈေး…တာမွေ..”
ခပ်လှမ်းလှမ်းကတည်းက ကြားရတဲ့ ကားစပယ်ယာ ရဲ့အသံကြောင့်…ကျွန်မ ခြေလှမ်းကို ပို၍ပင် သွက်လိုက်ပါတယ်…။
“ဟိုအမ လိုက်မှာလား…”
ကျွန်မကိုလှမ်းမေးလိုက်တာကြောင့်… ကျွန်မလဲ ကားကိုကြည့်လိုက်တော့…
“မြတ်စွာဘုရား…… ငါတွယ်စီးရမယ်ထင်တယ်…”
“အမ …လိုက်မှာလား မလိုက်ဘူးလား.. မောင်းဆရာရေ့..”
“ဟဲ့… လိုက်မယ်..လိုက်မယ်….. ခဏစောင့်”
အရေးအကြောင်းဆို 4လမ်းသွားသာ ဖြစ်သော ကျွန်မတို့လမ်းထိပ်ကလေးကလည်း ဆူးလေမီးပွိုင့်ထက် ပိုဆိုးပါတယ်….။
ကားလမ်းကူးရာမှာ ကျွမ်းကျင်တဲ့ ကျွန်မကိုတော့.. ကားသမားက တော်တော်လေး စောင့်လိုက်ရပါတော့တယ်….
“မောင်း ဆရာရေ…”
ခြေနင်းခုံထက် တစ်ဆင့်မြင့်တဲ့နေရာမှာ အတင်းတိုးကာ လိုက်ပါသွားတဲ့. ကျွန်မကတော့ ဒီဒုက္ခတွေကို ရိုး..ဟိုး..ဟိုး.. လို့တောင် ပြောလိုက်ချင်ပါတယ်….။
ပုံမှန်စီးနေကျဆိုတော့လဲ…. ညည်းညူမိသူက ပြန်ပြီး အပြစ်ဖြစ်နေမှာပါ။ ခဏတာစီးရလို့သာ တော်ပါသေးတယ်….။ တန်းကိုမြဲမြံစွာကိုင်ထားတဲ့လက်တွေက ခုဆို အသားမာတောင် တက်နေရောပေါ့….. အော်… လုပ်သက်ကလဲ ကြာလာပြီလေ…….
ကျွန်မတို့လို 10 တန်းလဲမအောင်၊ ကျောင်းလဲဆက်မတက်နိုင်တဲ့ သူတွေအတွက်ကတော့ မြို့ထဲက စတိုးဆိုင်တွေ၊ ကုမ္မဏီတွေမှာ အလုပ်လုပ်ရဖို့ဆိုတာ ဝေလာဝေး….
ရုပ်ကလဲချောရဦးးမယ်။ ပညာကလည်းတက်ရဦးမယ်.. ဟင်း..ရတဲ့လစာက… အတူတူပဲလေ.။…. အဲဒါကြောင့်လဲ ဒီမင်္ဂလာ ဈေးကြီးကို ကျေးဇူးတင်နေရတာပေါ့…… ။
မင်္ဂလာဈေးထဲမှာ အလုပ်လုပ်နေတဲ့သူ 10 ပုံ 8ပုံလောက်က… သာကေတ၊ ဒေါပုံက လူတွေချည်းပဲလေ..
စာရွက်စာတမ်းနဲ့ အလုပ်လျှောက်စရာမလိုဘူး….
ဓါတ်ပုံလဲမလိုဘူးလေ… လူတွေ့ ဒီနေ့မေး .. ဒီနေ့ ခန့်ပဲ…. ကဲ… မလွယ်ဘူးလား….
ဖြတ်ဖြတ်လတ်လတ် ရှိရမယ်။ အကြမ်းလုပ်နိုင်ရမယ်။ မခိုမကပ်ရင်ပြီးတာပဲလေ… ဒီဆိုင်မလုပ်နိုင်လဲ နောက်တစ်ဆိုင်ပေါ့… ဆိုင်တွေမှ အောတိုက်…….။
“ကဲ ..ရောက်ပါပြီ. .. မင်္ဂလာဈေး…”
ကျွီခနဲ့ ရပ်လိုက်တဲ့ကားကြောင့် တွေးနေတာတွေတောင် ဘယ်နားရာက်သွားမှန်းတောင်မသိတော့ပါဘူး…
ကားလဲအရပ်.. ကျွန်မလဲ ခုန်ဆင်းပြီး….. ဈေးဆီသို့.. အပြေးကလေးသာ လှမ်းမိလိုက်ပါတော့တယ်….
***** ***** *****
ဆိုင်ကိုရောက်ကတည်းက ခင်းလည်းခင်း… ရောင်းလဲရောင်းနဲ့.. တော်တော်လေးကို ရောင်းရတာပါ။…. ဖောက်သည်တွေသာ အဓိကမို့.. ၀ယ်သူတစ်ယောက်ဆိုရင်.. တစ်နာရီလောက်ကို ကြာတတ်ပါတယ်။ ဖော်ရွေစွာ ဆက်ဆံတတ်ပြီး.. ဈေးမှန်တာမို့ ကျွန်မတို့ဆိုင်က ပိုပြီး အရောင်းသွက်လှပါတယ်။ ….
ဂြီ………ဂြီ..
ဗိုက်ထဲက တစ်ကျုပ်ကျုပ် မြည်သံကို မေ့ထားလိုက်ရင်း… လက်ထဲက ဘောင်ချာစာရွက်ထဲက ဂဏန်းတွေကို သေချာစွာပေါင်းနေမိပါတယ်။…ဒါလေး လက်စသတ်ပြီးမှဘဲ ထမင်းစားတော့မယ်လို့....
ဈေးရောင်းသက်တန်းကြာနေပြီဖြစ်တဲ့ ကျွန်မတို့ဆိုင်က မင်္ဂလာဈေးရဲ့ မိန်းလမ်းပေါ်မှာ ရှိတာမို့လဲ.. ဈေးရောင်းကောင်းတာဖြစ်နိုင်ပါသေးတယ်……
မ ၀တ်၊ ကလေးဝတ်၊ ချုပ်ထည်များနဲ့ ချည်ထည်များပါ ရောင်းတာဆိုတော့… ပို၍ရောင်းကောင်းပါတယ်။
ဆိုင်ရှင်အမပြောတာကို ကျွန်မ မှတ်ထားဖူးသည်။
“အထည်ရောင်းမယ်ဆိုရင်… မိန်းကလေးဝတ်ပဲရောင်းတဲ့…ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်တဲ့…”
အင်း… အမြို့မြို့ အနယ်နယ်ကို ဖြန့်ရတဲ့ ဈေးဆိုတော့လဲ ဒီလောက်တော့ရှိပေမပေါ့နော်…
“မောင်တိုးရေ….ရော့… အားလုံးပြီးပြီ … ဒီမှာဘောင်ချာ… ပစ္စည်းထုတ်ကို သေချာသွားပို့နော်…. ဘယ်ကိုပို့ရမယ် ပြောခဲ့လဲ…”
“မြေညီ 210 အမ”
“အေးအေး”
“ပစ္စည်းလက်ခံ လက်မှတ်ထိုးစာအုပ်ယူသွားဦးနော်… ”
“ဟုတ်အမ”
ပစ္စည်းထုတ်ကို မနိုင်တနိုင်ထမ်းရင်း လူအုပ်ကြားထဲ တိုးဝင်သွားတဲ့ မောင်တိုးကို စိတ်မချနိုင်စွာကြည့်နေမိ ပါတယ်။ ဈေးက လူပေါင်းစုံမို့ သူခိုးတွေကလည်း ကြောက်ရပါသေးတယ်… နုံနုံ အအ ဆိုလို့ကတော့… ပြုတ်တောင် စားမယ့် လူတွေပါ။ ….
ထမင်းစားမယ်ဆိုပြီး ချိုင့်လေးဖွင့်မယ်အလုပ်…
“ကလင်..ကလင်”
“ဟဲလို… ဟုတ်…………ဟုတ်… ”
“ သူဇာ… ဘယ်ကလဲ ” “ သထုံက အမ ပစ္စည်း အသစ်ရောက်လားမေးတာ”
“အေး.. အေး”
ထမင်းချိုင့်လေးဖွင့်ပြီး ဈေးဝယ်သူနည်းနေတုံးလေး ထမင်းကိုကမန်းကတန်းစားလိုက်ရပါတယ်….. အော်… ထမင်းချိုင့် ဆိုတော့လည်း ဆီပြန်အခြောက်ပေါ့… အိမ်မှာ စားသလိုတော့ ဖွယ်ဖွယ်ရာရာ ဘယ်ဟုတ်ပါ့မလဲ…..
စားနေရင်းနဲ့ ၀ယ်သူလာတော့လဲ ထ ရောင်းရတာပဲလေ…တစ်ခါတလေများဆို… ၀ါးတောင် မ၀ါးတော့ဘဲ… ရေနဲ့သာ မျှောချလိုက်တာပဲ…….
စားပြီးသောက်ပြီး…လက်ကနာရီကြည့်လိုက်တော့.. 2နာရီခွဲ….။
“အမ သမီး 50 ခဏသွားမယ်နော်” ( အော်… 50 ဆိုတာ သန့်စင်ခန်းကိုပြောတာလေ..) အရင်ကတော့ 20၊ 30 ခုက 50 ပေါ့။
ညနေပိုင်းလဲ … မတ်တပ်ကို မနားရအောင်ကို ဈေးတအားရောင်းရတာ… မနက်ဖန်ဥပုသ်နေ့ဆိုတော့… ဒီနေ့က အရောင်းရဆုံးပေါ့…..
ဈေးပိတ်ချိန်က ညနေ 6နာရီ၊ … 5နာရီခွဲထိ ၀ယ်သူက မပြတ်သေးတော့ စိတ်ရှည်ရှည်နဲ့ရောင်းပေးနေရပါတယ်..။
ဆိုင်သိမ်းဖို့ ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ မောင်တိုးကတော့ စိတ်မရှည်တဲ့ အမူအယာနဲ့……..
ဟုတ်ပါတယ် ဆိုင်ခန်းကျဉ်းကျဉ်းလေးမှာ ရောင်းချရတဲ့ ပစ္စည်းတွေက မနည်းမနောပါ။ အထပ်ထပ် သေချာ ခေါက်သိမ်းပြီး ထုပ်ပိုးရတာ… ပစ္စည်းစီတာ စနစ်ကျမှ များများဝင်ဆန့်တာ…
တခြားနေရာတွေမှာ စက်နဲ့ ထုပ်ပိုး ပြင်ဆင်တာလောက်တော့ မင်္ဂလာဈေးက အလုပ်သမားတွေက ပျင်းတောင်ပျင်းသေးလို့ ဆိုလိုက်ချင်တယ်လေ…
“သမီးရေ.. ဒါဆိုလဲ အန်တီ နောက်နေ့မှ ထပ်လာခဲ့မယ်နော်. ”
တစ်ဆိုင်လုံး မွှေနှောက်သွားပြီး မ၀ယ်ဘဲ ထွက်သွားသူတွေကိုလည်း အပြုံးမပျက်ပဲပေါ့….
“ဟုတ်ကဲ့ ..အန်တီ … နောက်လဲ လာအားပေးနော်..”
ခပ်ဝေးဝေးရောက်တော့မှာသာ ပါးစပ်က ပွစိပွစိနဲ့ပြောချင်တာသာပြောပေတော့….
“ကဲ မောင်တိုးရေ.. စမယ်”
ဆိုင် သိမ်းမယ်ဆိုလို့ကတော့ မြန်မြန်ပဲလေ…။ ခင်းတာသာကြာတာ… နာရီဝက်လောက်နဲ့ ဆိုင်ကိုအပြီးသိမ်း တယ်လေ.။
အားလုံးဆိုင်သိမ်းပြီး၊ တံခါးပိတ်ပြီးရင်… မောင်တိုးက ဆိုင်ရှင်အမကို ကားဂိတ်ကိုလိုက်ပို့ရတယ်လေ…။။။
ကျွန်မကတော့.. ဒီနေ့က အဖိတ်နေ့ဆိုတော့… အိမ်ကိုမပြန်ဘဲ.. မင်္ဂလာဈေးဓမ္မာရုံရှိရာ ရွှေတီဂုံဘုရား အရှေ့ဘက်မုခ် ဆီသို့ ဦးတည်လိုက်ပါတယ်။
အညောင်းလဲပြေ၊ ကျန်းမာရေးနဲ့လဲ ညီညွတ်အောင် ကန်တော်ကြီးပတ်လမ်းအတိုင်း ဘုရားကို လမ်းလျှောက်ထွက်လာလိုက်ပါတယ်။။ လမ်းမှာတော့ ဓမ္မာရုံကိုသွားမဲ့ သူငယ်ချင်းတွေနဲ့ တစ်ပျော်တစ်ပါး စကားပြောရင်းနဲ့ပေါ့… ။
ကျွန်မတို့ ဘာအကြောင်းများပြောကြမယ်ထင်သလဲဟင်…………..
ဒီနေ့ ဈေးရောင်းကောင်းကြောင်းတွေပေါ့…………….
ထမင်းကိုနောက်ကျမှစားရကြာင်းတွေပေါ့………….
ဒါတွေဟာ ကျွန်မတို့အတွက်တော့ ဂုဏ်ယူစရာတွေပဲလေ……။
ကြိုးစားပါဦးမည်။
0 comments:
Post a Comment