Showing posts with label သုတ ၊ ရသ ၊ ဆောင်းပါးများ. Show all posts

Thursday, December 22, 2011

စာနာတတ်ပါစေ....။

မေမေ… ထမင်းစားမယ်…

ကစားနေရာမှ ဗိုက်ဆာလို့ထင်ပါရဲ့ ပြေးလာတဲ့ သမီးကို ကျွန်မ အသာထွေးပွေ့လိုက်ပါတယ်… ဗိုက်ဆာတာနဲ့ ခဏတောင် မစောင့်တတ်တဲ့ ကျွန်မသမီးလေးကတော့. တစ်ကယ်ပါပဲ…။

“မေမေလက်ဆေးမယ်…”

ခပ်ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ပေးထားတာမို့… ထမင်းစား၊ အိပ်ချိန်တွေဆိုရင်.. သမီးလေးက အကျင့်ဖြစ်နေပါပြီ…။ အဖိုးအဖွားတွေနဲ့ နေရတဲ့ ကလေးတွေက ပိုပြီး စည်းကမ်းတင်းကြပ်ကြရတယ်လေ..။ ကျွန်မတို့ငယ်ငယ်ကတော့ အဖွား ၂ ယောက်ကြားကဆိုတော့… မလူးသာ..မလွန့်သာ..။

“သမီး.. မေမေ ခွံပေးရမလား…ကိုယ့်ဘာသာစားမလား..”

”ဟင့်အင်း..”

သမီးကခေါင်းခါပြလိုက်ရင်း…. သူထမင်းစားနေကျ နေရာလေးမှာ သွားထိုင်လိုက်ပါတယ်… ဒါဆို ကျွန်မ သဘောပေါက်လောက်ရောပေါ့… သမီးက သူ့ဘာသာစားမယ်လို့……။

“သမီးလေး… အောက်တွေမကျစေနဲ့နော်…”သတိပေးနေကျစကားလေးကိုပဲ ကျွန်မ ထပ်ပြီး သတိပေးမိပါတယ်…။

ရပ်ကွက်တစ်ခုမှာကြီးပြင်းတဲ့ ကလေးတွေကတော့ ကစားချိန်နဲ့ စားချိန်က ပုံမှန်လို့ ဆိုချင်ပါတယ်.. ကစားနေရာကနေ တစ်ယောက်ယောက်ထွက်သွားပြီး ထမင်းစားမယ်ဆိုတာနဲ့ ကျန်တဲ့ ကလေးတွေလည်း အသီးသီး အိမ်ပြန်တော့တာပဲ… နေ့ခင်း 10 နာရီခွဲ 11 ဆိုရင်တော့.. ဒါဟာ ကလေးများ ထမင်းစားချိန်လို့ ပြောရလောက်အောင် လမ်းပေါ်တွေမှာ ခဏတာ ရှင်းသွားတတ်သည်လေ…

အိမ်တစ်အိမ်နဲ့ တစ်အိမ် ကပ်နေတာမို့လည်း သူ့အိမ်၊ ကိုယ့်အိမ် အိမ်ထဲကနေတောင် စကားလှမ်းပြော ရနေတာ… ပြီးတော့ တိုက်ခံအိမ်က ရှားသည်လေ…။ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ဆိုပေမယ့်.. ပေ 20 အကျယ်ကတော့ ကလေးတွေတွက် ကျဉ်းနေဦးမှာပါ….။ အဲ့ဒါကြောင့်လည်း အိမ်ရှေ့အသီးသီးက လမ်းတွေပေါ်မှာ ကလေးတွေ စုပြီး ကစားနေကြရတာ….။

သမီးထမင်းစားနေတာကိုကြည့်နေရင်း… တွေးမိတဲ့အတွေးလေးများကတော့ အသံတစ်သံကြောင့် ပြတ်သွားရပါတယ်…

ဒါကတော့ ထုံးစံ လိုပါပဲ.. ခေါင်းရင်းအိမ်က ကိုသိန်းပါ..။ ယောင်္ကျားတန်မဲ့ အိုးသူကြီးလုပ်နေရတဲ့သူ့ကတော့ အိမ်ရှင်ထီးဆိုလည်းမမှားပါဘူး…။ မိန်းမမရှိတဲ့နောက်ပိုင်း.. ကိုယ်တိုင်ဝယ်၊ ချက်၊ အလုပ်လဲသွားနဲ့ ကလေး 4ယောက်လုံးကို ထိန်းနေရသည်လေ..။

ကိုသိန်းအလုပ်ကလည်း ရပ်ကွက်ထဲမှာပဲမို့ ထမင်းစားချိန်ဆို ကလေးတွေကော… ကိုသိန်းပါ.. အတူတူဆိုတော့ အသံတွေကို ဆူလို့…..။

နင်..စားမလား မစားဘူးလား….ငါမေးနေတာဖြေလေ…. ဖြေလေ… တယ်….

အား… အီး..ဟီး…

ပြော..ပါးစပ်ကပြော…. ပြော….

အကြီးကောင် ပေးစမ်း ငါ့ကို တံမျက်စည်း…… ဘာလဲ…ဒီမှာတော့ မိုးလင်းထဲက သူတို့တွက်လုပ်ရကိုင်ရနဲ့ နား၇တယ်လို့ကိုမရှိဘူး…

ဟိုဟာ မစားချင်ဘူး.. ဒီဟာ မစားချင်ဘူး…. နင်တို့ရှာစာ ဘယ်နှပြားရှိလို့လဲ….

ရွှန်း…

အား..ကြောက်ပါပြီ ဖေကြီးရဲ့…အီး……..။

ကိုသိန်းသမီးလေး အငယ်ဆုံးမကို… ရိုက်နေခြင်းပါ.. အခြေအနေကို ကျွန်မကလည်း အကုန်ကြားနေတာမို့…. ကိုယ်ကကြားထဲကမနေနိုင်….. ကလေးမစားချင်တာကို.. မစားရကောင်းမလားဆိုပြီး.. ရိုက်ကျွေးနေခြင်းပါ….။

တစ်ခါတစ်လေများကျတော့ ကျွန်မတို့ မိဘတွေက စိတ်ညစ်ရပါတယ်.. တစ်ယောက်က ဟိုဟာမစား.. ဒီဟာမစားနဲ့.. လူလေး 5ယောက်ကို 4 မျိုးလောက်ချက်နေရတာ… ဈေးထဲသွားလို့ ဘာဝယ်ရမှန်းမသိဘဲ လှည့်ပြန်လာရတာလဲ မနည်းတော့ပါဘူး…..။

မေမေ ဒါ မစားချင်ဘူး..ဆိုပြီး ပန်းကန်ထိုးပေးလာရင်…. ကျွန်မဘာလုပ်ရမလဲ.. မိဘပဲ..မနေနိုင်ဘူးလေ… ဒါမစားတော့လဲ တခြားပေါ့….။ တစ်ခါတစ်လေများကျတော့ ချော့ကျွေးရတာမျိုးလဲရှိတယ်လေ…။ ငယ်ရွယ်တဲ့ကလေးတွေဆိုတော့လည်း… ဘယ်နားလည်ပေးနိုင်ပါ့မလဲ…။

ကဲ…ကဲ..တော်ပါပြီ ကိုသိန်းရယ်….

လာ..လာ သမီးလာ..

ကျွန်မသမီးလေးထက် ၂ နှစ်လောက်ကြီးတဲ့ ဒီကောင်မလေးကို ကျွန်မသာမက အိမ်နီးနားချင်းတွေက ချစ်ကြပါတယ်။ အမေမရှိဘဲ ကြီးပြင်းခဲ့ရတဲ့ကလေးမလား….. ။

ကလေးကိုပဲ ကျွန်မကောက်ချီလာခဲ့ရပါတယ်.. ကျန်တဲ့ကလေးသုံးယောက်ကတော့ စားချင်လည်းစား..မစားချင်လည်းစား….. ပန်းကန်ထဲက ထမင်းဟင်းထက်..ကိုသိန်းလက်ထဲက တံမျက်စည်းကို တော့ ပိုကြောက်ရတာပေါ့….။….

“အေး..….. မင်းတို့လဲ ကြပ်ကြပ်သတိထားနေ…. နောက်တစ်ခါ ဟိုဟာမစားဘူး.. ဒီဟာမစားဘူး..ဆိုလို့ကတော့ သိတယ်မလား.. ဒါကိုကြည့်ထား…ကြားလား…”

ကိုသိန်းတို့အိမ်ကတော့ခဏတာမျှ တိတ်ဆိတ်လို့သွားပါတယ်.. စကားပြောလည်း အကျယ်ကြီးမို့.. ခြေရင်း၊ ခေါင်းရင်းကတော့.. မသိမရှိ…..။

ဒီအဖြစ်အပျက်ကြောင့် လူကြီးကို အပြစ်တင်ရမလား..၊ ကလေးကို အတင်းကျွေးရမလား…..

မပြည့်စုံတဲ့ဘ၀တွေက.. ဒီလိုပါပဲ….. ဒါပေမယ့်လည်း….ပေါ့။

ငယ်ငယ်ကတည်းက ခြေလေးချောင်း၊ အသားနဲ့ ငါး တွေမစားတဲ့အဖေရယ်… အသီးအရွက်မစားတဲ့ မောင်ရယ်… ပဲ အမျိုးမျိုးမစားတဲ့ အမေရယ်….. ကျွန်မကိုယ်တိုင်ကလည်း ငယ်ငယကတည်းကမစားတဲ့ဟင်းတွေများတဲ့သူဆိုတော့…(ဟင်းစားချေးများတာမို့)…. ကိုယ်နဲ့ဘ၀တူတွေဆိုရင်တော့…. ကိုယ်ချင်းစာတတ်နေပါပြီ…. ။

ကဲ..စာဖတ်သူတွေကော…. ကလေးတွေကို စာနာပေးနိုင်ပါ့မလား……ဟင်…။

Thursday, December 15, 2011

သူ့အလှည့်... ကိုယ့်အလှည့်..

သူ့အလှည့်..ကိုယ့်အလှည့်

ရန်ကုန်မြို့လည်ခေါင် လူရှုပ်တယ်ဆိုတာ ခုမှပဲ လက်တွေ့သိတော့တယ်…. ဖုန်မှုန့််တွေ၊ ကားတွေ၊ လူတွေနဲ့..

အော်.. နယ်တွေနဲ့များ..တစ်ခြားစီ….. အရောင်စုံ၊ ကာလာစုံ နဲ့ သွားလာလှုပ်ရှားနေတာ နေပူပူထဲကိုများ လ သာနေသယောင်….

ကျွန်မလဲ ကိစ္စလေးရှိလို့သာ…… မဖြစ်မနေလာရတာ…

တစ်လတစ်ခေါက်တောင်မရောက်တဲ့ မြို့လည်ခေါင်ကတော့ ကျွန်မအတွက်တော့ အစိမ်းသက်သက်လိုပါပဲ…..။

လက်ထဲက စာရွက်ခေါက်လေးကို ခဏ ထုတ်ကြည့်လိုက်တော့ ကိုယ့်သွားရမယ့် လမ်းကို ရောက်နေတာနဲ့ လမ်းထဲကို ၀င်လိုက်ပါတယ်။ တိုက်ခန်းတွေနဲ့သာ ဖွဲ့စည်းထားတဲ့ ဒီမြို့နယ်ကတော့ ကျွန်မ အလုပ်ရှင်ရဲ့ အိမ် ရှိတဲ့နေရာပါ…။

တတိယထပ် ဆိုပေမယ့် ခပ်မြင့်မြင့်ဆိုတော့လည်း မနည်းကိုတက်လိုက်ရပါတယ်…

လူခေါ်ဘဲလ်လေးကို အသာနှိပ်လိုက်ပြီး… ခဏစောင့်နေလိုက်တော့.. အိမ်ဖော်ကောင်မလေး တံခါးလာဖွင့်ပေးတာနဲ့… ကျွန်မလဲ တိုက်ခန်းထဲကို အသာဝင်လိုက်ပါတယ်….။ နေ့လည် 11 အရောက် မှာထားပေမယ့် ကိုယ်က အလုပ်သမားဆိုတော့ ခပ်စောစောရောက်နှင့်တာပါ…..

အမ ..ခဏ ထိုင်ဦးနော်…

အေးအေး.. ညီမ..

တစ်ယောက်တည်းသာကျန်ခဲ့တဲ့ ဧည့်ခန်းထဲမှာတော့ ကျွန်မက တောင်ကြည့်၊ မြောက်ကြည့်…..

မနေ့ကပြောလိုက်တဲ့စကား အဆင်ပြေပါ့မလား…..ဆရာကရော င့ါကို ယုံပါ့မလား.. ၊ … တစ်ကယ်လို့ အဆင်မပြေခဲ့ရင်ကော….ငါ ဘာဆက်လုပ်ရမလဲ…..။

ဟာ… တော်ပြီ…တော်ပြီ… ငါ..ဘာတွေစဉ်းစားနေတာပါလိမ့်.... ငါက စစ်မရောက်ခင်က မြှားကုန်နေတာလား…

စိုးရိမ်စိတ်နဲ့ တွေးမိသမျှတွေကို ခေါင်းထဲက ဖျောက်ပြစ်လိုက်ရင်း… အသာငြိမ်ပြီး ထိုင်နေလိုက်ပါတယ်…. ဆရာ၊တပည့် ဆိုပေမယ့် ကိုယ်က သူ့အလုပ်သမားမလား..။ ပြီးတော့ ဒီလို အကူအညီတောင်းတဲ့ ကိစ္စက ဆရာတို့မှာ ရာဇ၀င်မရှိဘူးဆိုတာ သိထားလေတော့….. အနည်းငယ်တော့ စိုးရိမ်မိသည်လေ……..

ဟင်း.. ဆရာကလည်း ဘာတွေများလုပ်နေလဲမသိဘူး……

ရှပ်… ရှပ်..

အိမ်ပေါ်ထပ်က ဆင်းလာသံကြောင့် ကျွန်မ မတ်တပ်ရပ်မိလျက်သား ဖြစ်နေပါတယ် ပညာရေးတစ်ပိုင်းတစ်စနဲ့ စီးပွားရေးထဲ နစ်နေတာ……. အသက်ငယ်ပေမယ့် ဆိုင်ပိုင်ရှင်လုပ်နေတဲ့ ကျွန်မဆရာက တစ်ကယ်တော့ လုပ်ငန်းကျွမ်းကျင်ပါတယ်. အသက်ကလည်း သိပ်မကွာတော့ တစ်ချို့စကားတွေဆို သူငယ်ချင်းလိုပြောကြပေမယ့် တစ်ခါတစ်လေကျတော့ အလုပ်ရှင်သဘာဝပြောတာ၊ ဆိုတာတွေတော့ ရှိရတာပေါ့….

“ဟင်…. ဆရာ့အကိုပါလား….”

“သူဇာ… ရောက်နေတာကြာပီလား.. ငါအလုပ် အလုပ်ကိစ္စလေးတွေ များနေလို့… ဆောရီးဟာနော်..

“ရပါတယ်.. ဟို.... အကိုလေးမရှိဘူးလားဟင်.. ”

“အေး…. သူ အပြင်သွားတယ်..နင်လာမယ်လို့တော့ ငါ့ကိုပြောထားခဲ့တယ်…”

“ဟုတ်…. ဒါ…..ဒါဆိုရင်.. သမီးပြောထားတာလေးများ..အဆင်ပြေမလားဟင်…… သမီး တစ်ကယ်ကို ခက်ခဲနေလို့ပါ…..”

တိုးညင်းတဲ့လေသံအချို့က အားမရစရာ…….

ကျွန်မ စကားအဆုံးမှာတော့… … ကျွန်မကို ဘာစကားတစ်ခွန်းတစ်လေမှပြန်မပြောပဲ တခြားဘက်ကိုလှည့်နေတဲ့ ကျွန်မဆရာရဲ့ အကို့ကို ကျွန်မ မင်သက်ပြီးသာ ကြည့်နေရပါတယ်…..

နယ်ကအဖေ နေမကောင်းလို့ လစာငွေလေးကိုကြိုထုတ်ပြီး ပေးချင်လို့ အခုလို အရဲစွန့်ပြီး လာပြောရတာပါ. နောက်ပြီး ကိုယ်ကလည်း ထွက်ပြေးမဲ့သူမှမဟုတ်တာ….. သူ့အလုပ်ကို ဆက်လုပ်မဲ့သူဆိုပြီးတော့……

သိမ်ငယ်ခြင်းများစွာနဲ့ ထိုင်နေရတဲ့ကျွန်မက အဓိပ္ပာယ်အရှိ ကြမ်းပြင်ကိုသာ ငေးနေမိပါတယ် စကားတစ်ခွန်းတစ်လေများ ကြားရမလားလို့ ခဏခဏမော့ကြည့်ပေမယ့် ဘာသံမှမကြား၇တာ အချိန်တော်တော်ကြာနေပီလေ….

တဒိတ်ဒိတ်ရင်အစုံကလည်း အသံစုံကိုထွက်နေတာ….. နှစ်ယောက်တည်းသာရှိနေတဲ့ ဒီဧည့်ခန်းထဲမှာ ကျွန်မ ဘယ်လောက်များ အချိန်ကြာကြာနေရဦးမှာပါလိမ့်…..

“အင်း… ရော့”

ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ်ချလိုက်ပုံနဲ့ လှမ်းပေးလာတဲ့ ငွေတစ်ချို့က ကျွန်မ ရင်ကိုမောစေပါတယ်…. စိတ်မပါတဲ့ အကြည့်တစ်ချို့နဲ့ မယုံသင်္ကာမျက်ဝန်းတွေကြောင့် တစ်ကယ်ပဲ ၀မ်းနည်းရပါတယ်….တုန်ရီနေတဲ့လက်အစုံက လှမ်းယူဖို့ အားမရှိလောက်အောင် မင်သက်နေမိတာတော့ အမှန်ပင်……။

“နင့်ကို ဒါ အပြီးပေးလိုက်တာ…ပြန်ဆပ်စရာလဲမလိုတော့ဘူး..… ပြီးတော့…. ပြန်ဆပ်ပါ့မယ်ဆိုတဲ့ နင်တို့လို စကားကိုလည်း ငါမယုံဘူး…..

နောက်နေ့ကစပြီး နင် အလုပ်လဲ လာစရာမလိုတော့ဘူး………”

“ဟင်..”

ကြားလိုက်ရတဲ့ စကားက ရင်ဝကို ဆောင့်ကန်လိုက်သလိုပါပဲ.. အားအင်ချည့်နဲ့နေသူလို ဘာစကားမှ ပြန်ပြောနိုင်ဘဲ ပြေးထွက်ခဲ့တဲ့ ကျွန်မက တိုက်အောက်ကို ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ပါဘူး…….. ၀မ်းနည်းခြင်းတွေ၊ အားငယ်ခြင်းတွေနဲ့ မခံမရပ်နိုင်ခြင်းတွေနဲ့ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကတော့ …. ပါးပြင်ထက်မှာ စိုလို့…….

ကျလာတဲ့ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း.. နောက်ဆုံးအဖြစ် 3 လွှာကို မော့ကြည့်လိုက်တော့…. ဖြတ်ကနဲ တွေ့လိုက်ရတဲ့ လူရိပ်က .. အော်.. အကိုလေးရှိသားပဲ…………………

လူဆိုတာ ယုံကြည်ချက်နဲ့ အသက်ရှင်နေတာ..... ဘ၀ကမလှပေမယ့် ဖြူစင်တဲ့ စိတ်ဓါတ်နဲ့ အလုပ် လုပ်နေတယ်ဆိုတာ… သူတို့မသိဘူးထင်ပါရဲ့……….

ပညာနဲ့ဘ၀က ထပ်တူမကျခဲ့တဲ့ သူတို့တွေရဲ့ဘ၀ကို ကျွန်မက သနားပါတယ်လို့သာ…….. ။ ကိုယ်နဲ့မတန်လို့ ကြာကြာ သိခွင့်မရခဲ့တာပဲလို့ .. သဘောထားလိုက်ပါတယ်….။

*****------------*****----------*****----------*****

ဆိုင်တစ်ခုရဲ့ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ရတဲ့ ကျွန်မက တာဝန်တွေပိုများပါတယ်.. မနက်မိုးလင်းလို့ ဆိုင် စ ဖွင့်ကတည်းက အလုပ်နဲ့လက်နဲ့ ပြတ်တယ်လို့ကိုမရှိတာ…. လက်အောင်ငယ်သားတွေကို စနစ်တကျလဲ ခိုင်းရပါသေးတယ်…

အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်လိုပဲ …ခုလဲ သူများကိုခိုင်းရတယ်ဆိုပေမယ့် အပြောမတော်တစ်ခွန်းကလည်း အရေးကြီးလှပါတယ်…

လူတစ်ယောက်ကို စိတ်ဆိုးစိတ်ကောက်အောင် စ ၊ နောက်တာ က သဘာဝမို့ မထိခိုက်ပေမယ့် ။ လူတစ်ယောက်ရဲ့စိတ်ထဲ ၊ ရင်ထဲမှာ နာကျည်းသွားစေမယ့် စကားကို တစ်ခွန်းလောက်မှ မပြောသင့်ဟု ကျွန်မမှတ်ယူထားသည်လေ….

ဘ၀နဲ့ရင်းပြီး သိလာတဲ့အသိတစ်ခုက ကျွန်မအတွက်တော့ အဖိုးတန်တစ်ခုပါ………

လွန်ခဲ့တဲ့ 3 နှစ်လောက်က အသိတရားနဲ့ ခုနဲ့ အများကြီးခြားခဲ့ပြီပေါ့…….. အလုပ်တစ်ဖက်နဲ့ပညာရေးကိုကြိုးစားခဲ့တာမို့လည်း ခုဆို လူရာဝင်ပြီလို့ပြောလို့ရနေပါပြီ…..

ကိုယ့်ကိုသာ အားကိုးနေတဲ့ ဒီဆိုင်လေးမှာ ကြာကြာတော့မလုပ်ချင်.. ကိုယ့်ဘ၀တိုးတက်ရေးအတွက် တခြား ကုမ္မဏီကြီးတွေမှာ အလုပ်ဝင်လိုသည်။ ဘ၀အတွက် တခြားအတွေ့အကြုံလေးတွေရှာဖွေရင်း ပညာရေးကို ဆက်လက်ကြိုးစားချင်သေးသည်။

ပြောင်းရွှေ့မယ်လုပ်တိုင်း ဆိုင်ရှင်အမရဲ့ တားသံတွေက အဆက်မပြတ်၊ ကိုယ့်ကိုသာမက ကိုယ့်မိသားစုကိုပါ ထောက်ပံ့ပေးတဲ့ အမရဲ့စေတနာကို ပြန်လှည့်ကြည့်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်လေ…။

အားနာတတ်တဲ့ ကျွန်မကတော့.. အရုပ်တစ်ရုပ်လိုပါပဲ…

တဖြည်းဖြည်းနဲ့ လုပ်သက်ကလည်းကြာလာတော့ ကိုယ့်သဘောလိုဖြစ်နေတဲ့ ဒီဆိုင်ကလေးကတော့ ကျွန်မကိုတောင် ဆိုင်ရှင်လို့ ထင်ချင်စရာ…….

မိဘကိုလုပ်ကျွေးနေတဲ့ အပျိုကြီး ၂ယောက်ဦးစီးထားတဲ့ ဒီဆိုင်ကို ကျွန်မသူငယ်ချင်းကြောင့် ရောက်လာရတာပါ….. ။

ခပ်ရိုးရိုးအလုပ်သမားဘ၀က တစ်ကယ်တော့ မျက်နှာငယ်ရပါတယ်…. အလုပ်သမားသက်တမ်းတစ်လျောက်လုံး အဆင်ပြေစွာနေလာတဲ့ကျွန်မက အလုပ်ရှင်နဲ့လဲ အဆင်ပြေအောင်နေတတ်ပါတယ်….

နယ်ကလာတာမို့ အပေါင်းအသင်းနည်းပြီး အနေအေးတာမို့လည်း ဆိုင်ပတ်ဝန်းကျင်တွေက ချစ်ခင်ကြပါတယ်..။

လုပ်ငန်းပိုင်းကျွမ်းကျင်မှု့နဲ့ ဆက်ဆံရေးပြေပြစ်မှု့တွေက လူတစ်ယောက်ကို နေရာတစ်ခုတော့ ရစေတာ အမှန်ပါ….

*****----------*****----------

ဟူး…

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း.. စဉ်းစားရခက်တဲ့ အဖြေကို ထိုင်စဉ်းစားနေမိတော့တယ်..

လူချင်းမတူ ကွာခြားတဲ့ ကျွန်မ အလုပ်ရှင် နှစ်ယောက်ကတော့ ဆီနဲ့ရေ….

ကိုယ့်ကို မကူညီလို့ ၊ ကူညီလို့ ထက်…. ပုံစံမတူတဲ့ လူတွေရဲ့ စရိုက်ကို ကြုံမှပဲ သိခွင့်ရတာပါ… ။ ကိုယ် အားကိုးတကြီးနဲ့ အကူအညီလိုတဲ့ အချိန်မှာ တစ်ချို့က ပြောရက်၊ လုပ်ရက်ကြပေမယ့်

ခုလို..

ကျွန်မကို အားကိုးပါတယ်ဆိုပြီး ပြောလာတဲ့ စကားကို ဥပေက္ခာ ပြုရက်ဖို့တော့ ကျွန်မ မစွမ်းဆောင်နိုင်ခဲ့ပါဘူး…..

ကျွန်မလို…အားနာမှုနဲ့…ရှင်သန်နေတဲ့သူတွေ… ခံရတဲ့သူတွေ.. ဘယ်လောက်များရှိနေကြလဲ……

လူတိုင်းလူတိုင်း.. သူ့အလှည့်ပြီးလို့ ကိုယ့်အလှည့်ရောက်လာရင် သေချာစဉ်းစား ဆုံးဖြတ်နိုင်ကြပါစေလို့သာ…….

ကြိုးစားပါဦးမည်

သူဇာလေး

Wednesday, December 7, 2011

ကျွန်မမသိသော...လိုချင်သော...မေတ္တာ..

ဟေး… လွတ်ပြီကွ.. ကျွတ်ပြီကွ..
စာမေးပွဲအခန်းထဲမှ ထွက်လာရင်း အသံမျိုးစုံတို့ဖြင့် ပျော်ရွှင်လွတ်လပ်စွာ ပြောနေ ဆိုနေကျ အသံတွေကတော့ ထုံစံတိုင်းလိုလိုပင်… တစ်နှစ်တစ်ခါပြီးတာထက် ဒီနှစ်က နောက်ဆုံးနှစ်ဆိုတော့လည်း အားလုံးက ပျော်မဆုံးတော့…. တက္ကသိုလ်ကျောင်းသားဘ၀ကို ပျော်ရွှင်ပေမယ့်လဲ စာမေးပွဲကိုတော့ အနည်းငယ်တွန့်ကြသည်လေ…. နေချင်လွန်းလို့ စာမေးပွဲကို ကျအောင်ဖြေတာရယ်လို့တော့ ဘယ်ကျောင်းမှ ရှိမယ်မထင်……
“ ဟဲ့ ငါတို့ ခရီးထွက်ကြရင် မကောင်းဘူးလား…” “ ဟာ ကောင်းတာပေါ.. သွားကြမယ်လေ.. ဘယ်ကိုလဲ. ဘယ်တော့လဲ… ”
ဟဲ့. ဟဲ..နေကြပါဦး..ဖြေးဖြေးလဲပြောကြပါဟ… ဒီနေ့မှ စာမေးပွဲက ပြီးတာ…..
အေးလေ… ဒီနေ့ပြီးလို့ ဒီနေ့ပြောတာပေါ့ဟ..နောက်ဆို ငါတို့တွေ အခုလို နေရတော့မှာမဟုတ်ဘူးလေ…နော်… သွားကြမယ်ဟာ… သူဇာ..နင်လိုက်မယ်မလား..
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ ကျွန်မသူငယ်ချင်းတွေကို ကျွန်မဘာစကားမျှ ပြန်မပြောခြင်းနဲ့ပဲ သဘောတူပြီးသားဖြစ်နေပါတယ်.. တက္ကသိုလ်စတတ် ကတည်းက ခင်မင်လာသူတွေဆိုတော့ အစစအရာရာ ပြောစရာမရှိဘူးလေ…..
*****----------------*****----------------------*****
ဟဲ့.သူဇာ..လာ ငါတို့ဒီမှာ..
အအေးဆိုင်ထဲကနေလှမ်းခေါ်လိုက်သံကြောင့် ကျွန်မ …သူငယ်ချင်းတွေဆီ လှမ်းသွားလိုက်ပါတယ်.. ခရီးထွက်ဖို့ တိုင်ပင်ကြမယ်ပြောတာပဲ….
ဟဲ့.. သီတာတို့အိမ်က ခွင့်မပြုဘူးတဲ့… ဒါနဲ့ သူဇာ နင်တို့အိမ်ကကော..
ဟာ မိဝါ နင်ကလည်း သူဇာတို့အိမ်က ဘယ်နှခါများ ချုပ်ချယ်တာ ရှိလို့လဲ open ပဲလေ နင်မသိဘူးလား.. ငါတို့ထဲမှာ သူဇာက ကံအကောင်းဆုံးပဲ… ဟုတ်တယ်မလားသယ်ရင်း..
ပြောလဲပြော..မေးလဲမေး နဲ့ ကျွန်မ သူငယ်ချင်း နုနု ကတော့.. တက်ကြွနေလေရဲ့….. သီတာတစ်ယောက်သာ…
သူက နယ်ကလာပြီး အဒေါ်တွေနဲ့အတူနေရတာဆိုတော့… တင်းကျပ်လွန်းတဲ့စည်းကမ်းကြားမှာ နေရရှာတာ….
ကဲ….
အားလုံးပဲ.. မြန်မြန်သောက်ကြ… သီတာတို့အိမ်ကို ချီတက်မယ်… သွားပြောကြမယ်… ဘယ်လိုလဲ…
ကျွန်မရဲ့စကားကြောင့်.. သူငယ်ချင်းတွေအားလုံး ပြုံးပျော်သွားကြပါတယ်.. အားလုံးထဲကမှ သွက်သွက်လက်လက် ရှိတဲ့ ကျွန်မတော့ အစစအရာရာ ခေါင်းဆောင်တစ်ယောက်လိုပါပဲ….
*****----------*****----------*****----------
သူငယ်ချင်းသီတာတို့အိမ်ကို တစ်ခေါက်သာရောက်ဖူးတာမို့ အခု သွားသာသွားနေတာ သိပ်တော့မမှတ်မိချင်…..
ခပ်သန့်သန့် ရပ်ကွက်တစ်ခုလေးမှာ တိုက်ခံသဘောမျိုးဆောက်ထားတဲ့ သီတာတို့အိမ်လေးက နေချင်စရာ…
ခပ်ကျဉ်းကျဉ်းခြံလေးထဲမှာ ပန်းပင်လေးတွေကလည်း အစီအရီ….. အုပ်ခဲလေးတွေ တန်းစီထားတဲ့ မြေပြင်ကတော့ သီတာ့အဒေါ် အပျိုကြီးလက်ရာပေါ့…. ကျွန်မတို့လို ရေချိုးခန်းသီးသန့်မရှိဘဲ ကိုယ့်ခြံထဲမှပဲ ရေချိုး.. အ၀တ်လျော်ရတော့ အိမ်ရှေ့လေးမှာလည်း တိုင်ကီလေးတွေ… ကျောက်ပြားလေးတွေနဲ့…. ကျွန်မ မျက်လုံးထဲတော့ အထူးအဆန်းလိုလို…..
အိမ်ပေါ်ကိုမတက်ခင်.. ဖိနပ်ချွတ်စင်.က တစ်ဆင့်…ရှိပါသေးတယ်… ဖြစ်သလိုသာ နေတတ်တဲ့  ကျွန်မနဲ့တော့.. သီတာတို့အိမ်က အခြားနားကြီးပါ..
“ ဟဲ့.. ဘာတွေငေးနေတာလဲ..”
ရုတ်တရက်လှမ်းပြောလိုက်တဲံ့ မိဝါစကားကြောင့် ကျွန်မ သတိလေးပြန်ဝင်လာရပါတယ်.. သီတာ့အဒေါ် ရေချိုးနေတာမို့ ကျွန်မတို့တွေ ထိုင်စောင့်နေကြရင်း.. လက်ဖက်သုပ်လေးစားလိုက်… ကော်ဖီလေးသောက်လိုက်နဲ့…..
“အန်တီလာပြီ.”
မင်္ဂလာပါနော် အန်တီ..
“အေးပါကွယ်… ကဲ.သမီးတို့..လာတာ အကြောင်းတော့ရှိမယ်မလား..”
ဟုတ်ကဲ့ပါအန်တီ… ဟိုလေ.. သီတာ့ကို..သမီးတို့နဲ့အတူ ဘုရားဖူးထည့်လိုက်ပါလားဟင်.. သမီးတို့အတူတူသွားချင်လို့ပါနော်…
ပြီးတော့ သမီးတို့က မိန်းကလေးတွေပဲလေ.. ဒီလေးယောက်ပဲသွားမှာပါ..
“ ဟုတ်လား….”
ဒါနဲ့ သမီးတို့အိမ်တွေကကော.. ဘာပြောကြသေးလဲ… မိန်းကလေးတွေပဲသွားမှာကိုလေ…
အန်တီကတော့ လူကြီးတစ်ယောက်မှမပါတော့ သိပ်တော့ စိတ်မချဘူးကွယ်… ခုခေတ် ကလေးတွေက ပြောရခက်သားလား..နော်..
သီတာ့အဒေါ်က သိပ်မကြိုက်တဲ့လေသံထွက်တော့ ကျွန်မတို့ သုံးယောက်လည်း…. တစ်ယောက်မျက်နာတစ်ယောက်ကြည့်လို့……
ကဲကဲ… သီတာနဲ့အကြောင်းပြန်လိုက်မယ်နော်.. စားကြ စားကြ သမီးတို့… လွတ်လွတ်လပ်လပ်နေကြနော်.. အန်တီလုပ်စရာလေး ရှိလို့ သွားလုပ်လိုက်ဦးမယ်…
“ဟုတ်ကဲ့..အန်တီ.”

“ဟွန်း… သီတာ့အဒေါ်ကလဲ… သူ့တူမကို ရောင်းစားမှာ ကျနေတာပဲ..”
ဒါက မိဝါစကား…
“ ဟာ မိဝါကလည်း လူကြီးဆိုတော့လည်း စိတ်ပူတာပေါ့ဟ ခုဟာက ငါတို့က ဘုရားဖူးကားနဲ့မဟုတ်ဘူးလေ.. သီးသန့်သွားမှာဆိုတော့ ”
သီတာတို့အိမ်ကအပြန်တော့ ကျွန်မတို့ သုံးယောက်ရဲ့ စိတ်ထဲတော့ အတွေးတစ်ခုစီ ကိုယ်စီ ရှိနေမှာပါ… ပူပန်တတ်တဲ့လူကြီး တွေကိုလား.. ခေတ်မမှီတဲ့ သီတာ့အဒေါ်ကိုလား…တခုခုပေါ့….
ကျန်တဲ့ သူတွေတော့ ဘယ်လိုနဲ့ ဘာတွေတွေးမိနေတယ်တော့ မသိပေမယ့်… ကျွန်မစိတ်ထဲတော့….. ပုံစံမတူနဲ့ မိသားစုတွေပါလားလို့သာ…..
အော်.. င့ါမိသားစုနဲ့များ..ကွာပါ့….
စည်းကမ်းတင်းကျပ်တာမျိုးမဟုတ်ဘဲ လူကြီးတစ်ယောက်အနေနဲ့ စိုးရိမ်ပူပန်ပေးတဲ့ သီတာ့အဒေါ်ရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်.. မိန်းကလေးတွေချည်းသာသွားမှာမို့လည်း ပိုပြီးတော့ စိုးရိမ်တာပါ… ဒါကလည်း မိဘတိုင်း၊ လူကြီးတိုင်းရဲ့ စိတ်ဓါတ်ဖြစ်မှာပါ… ကျွန်မ အဖေကလွဲရင်ပေါ့……
ဟုတ်တယ်… ကျွန်မက အဲ့လိုမျိုးနေချင်တာ… ကိုယ့်လုပ်မယ့်အရာတိုင်းကို တားမြစ်စေချင်တာ.. သတိပေးစေချင်တာ… အစစအရာရာ ဂရုတစိုက်နဲ့ လိုက်လုပ်ပေးစေချင်တာ…
အစစအရာရာပြည့်စုံတယ်လို့ထင်ရတဲ့ကျွန်မကို တခြားသူတွေ အားကျရပေမယ့် ကိုယ့်ရဲ့လိုအပ်နေတဲ့အရာကိုတော့ သူတို့ နားလည်မပေးနိုင်ဘူးလေ…
တစ်ယောက်တည်း အထီးကျန်စွာနဲ့ နေရတဲ့ဘ၀က ဘာများကောင်းလို့လဲနော်…..
မိုးလင်းမိုးချုပ် အလုပ်တွေနဲ့သာပိနေတဲ့ အဖေကတော့ ငွေရှာတော်တဲ့ငွေတွင်းကြီးပေါ့… အရသာရှိရှိချက်တက်တဲ့ ဖွားမေကတော့ သူဇာ့ရဲ့ ဟင်းအိုးကြီးပါ.. ..လိုသလောက်ကိုအလွယ်တကူသုံးနိုင်တာမို့ လိုချင်တာက မျက်စိတစ်မှိတ်တင်….. တစ်အိမ်လုံး ၃ယောက်သာရှိပေမယ့် မျက်နှာချင်းဆိုင်ရသည်က ရှားသည်လေ…..
ဘ၀မှာလိုချင်တာနဲ့ ရနေတာ ထပ်တူမကျတဲ့ ဘ၀ကတော့ အမြဲပဲ.. လိုအပ်နေဦးမှာပါ…..
တစ်ကြိမ်တစ်ခါလောက်များ အဖေ့ဆီက စိုးရိမ်ပူပန်မှုနဲ့ နွေးထွေးကြင်နာမှုလေးတွေ… ရချင်စမ်းပါရဲ့……..
ခပ်စိမ်းစိမ်းအကြည့်များနဲ့သာ နေရတဲ့ ကျွန်မကတော့ နွေးထွေးတဲ့လက်တစ်စုံကိုတော့ လိုချင်မိတာ အမှန်ပါ……
ကြိုးစားပါဦးမည်…

*****---------*****---------*****--------*****-------------

Thursday, December 1, 2011

ကူညီတတ်တဲ့ စိတ်ကလေး.....

ကူညီတတ်တဲ့ စိတ်ကလေး….

“အမေ..သမီးသွားပြီနော်…အေးအေး….”
ဒီနေ့ သူဇာတို့ အလုပ်နားသည်… ပိတ်ရက်ရ၍တော့မဟုတ်ပါ… ဧည့်သည်သွားကြိုမည်အကြောင်းပြ၍သာ…အမှန်ဆို သွားမကြိုလည်းရသည်လေ…ဒါပေမယ့် အလုပ်နဲ့အိမ်နဲ့ပဲ သွားနေရတာမို့ တခြားနေရာကိုလည်း သွားချင်စိတ်ရှိနေတာနဲ့ပဲ…မိမိဘာသာသွားကြိုခြင်းတာဝန်ကို ၀မ်းသာအားရနဲ့ ယူလိုက်ခြင်းပင်…..
လမ်းထိပ်ကပဲစီးရတဲ့ ရွှေဧည့်သည်ကားကိုတော့ အဝေးပြေးရောက်တဲ့အထိ တညောင်းစီးရတာ… ၁နာရီခွဲလောက် အသာလေးစီးရတယ်လေ… ပုံမှန်သွားနေကြ လမ်းမဟုတ်တာမို့ လမ်းဘေးဝဲယာကတော့ ကျွန်မအတွက် အမြင်သစ် ဖြစ်လို့နေပါတယ်… ကိစ္စ အ၀၀နဲ့ သွာလာနေကြတဲ့ လူတွေကလည်း နေ့စဉ်နဲ့အမျှ မဟုတ်လား…
နယ်ကနေအလည်လာကြမဲ့ မောင်နှမနှစ်ယောက်ကိုတော့ ကျွန်မက မမြင်ဖူးသေးပါ.. မောင်နှမတွေတော်ပေမယ့်လည်း အနေဝေးတာမို့ မဆက်စပ်မိကြခြင်းပါ..။ ကျွန်မတို့ရဲ့ ဓါတ်ပုံတွေကိုတော့ သူတို့က မြင်ဖူးကြတယ်တဲ့လေ..။ ကိုယ်နဲ့ မသိ၊ မမြင်ဖူးတဲ့သူ့ကို သွားကြိုရပေမယ့်လည်း အချိန်၊ နေရာနဲ့ စီးလာမယ့် ကားနံမည်ပါ အတိအကျမို့.. စိတ်ပူစရာတော့ မရှိပါလေ… ပြီးတော့ ကိုယ်ကလည်း ကြိုရောက်နေမှာဆိုတော့….။
***** ***** *****
မနက် ၂ နာရီကတည်းက ထ လာပြီး ကားစီးလာရတာမို့ မောင်တိုးတစ်ယောက်တော့ မျက်စိတွေစပ်နေပြီလေ… ကားစီးကျင့်ကလည်းမရှိ။ လူကလည်း ပျော့နွဲ့နွဲ့.. ။
ခပ်စောစောဆိုတော့ ရွာကားဂိတ်ကတည်းက ဘာမှမစားလာရသေးတော့ ဗိုက်ကလည်း သေလုအောင်ကို အော်နေတာ.. လမ်းမှာ ကားကခဏနားတော့ စားချင်စိတ်မရှိတာနဲ့ ဘာမှမစားခဲ့တာကလည်း. ခုတော့ နောင်တ ရချင်သလိုလို….. ခံတွင်းက ချဉ်လာတော့ ဟိုနှိုက် ဒီနှိုက်နဲ့ လိုက်ရှာရင်း.. ညကအမှတ်တမဲ့ ထည့်ခဲ့တဲ့ ချိုချဉ်လေးတစ်လုံးကြောင့်သာ….အနည်းငယ် သက်သာရာရသွားသလိုပါပဲ….
“ အကို. အကို.. ရောက်ပီခင်ဗျ..” “ ဟင် “
ရုတ်တရက်ကြားလိုက်ရတဲ့ ကားစပယ်ရာလေးရဲ့ စကားကြောင့် မောင်တိုးတစ်ယောက် အိပ်ပျော်နေရာမှ လန့်လို့ သွားပါတယ်…ရင်ထဲက စိုးရိမ်စိတ်နဲ့အတူ ကမန်းကတန်းမေးလိုက်ရင်း……
“ ဒါက ဘယ်နေရာကလဲဗျ”… “ ဗျာ.. ဒါက လှိုင်သာယာအဝေးပြေးလေ…”
“ဟာ.. ဒါတော့ ငါလည်းသိတာပေါ့ကွ… ဒါနဲ့.. ဘာလို့ ငါတစ်ယောက်တည်းရှိနေတာလဲ…”
“ခရီးသည်တွေဆင်းတဲ့နေရာမှာ အားလုံးဆင်းသွားကြပီလေ.. အကိုက မဆင်းပဲ ပါလာတာလေ.. ခုက ကားနားတဲ့နေရာကို ရောက်နေပြီ…”
“ သွားပြီ.. သွားပြီ … ”
ပါးစပ်ကလည်းပြော… လူကလည်း မပြေးရုံတမယ်နဲ့ကို ဆင်းလာရပါတော့တယ်… ရွာမှာကတည်းက အမေနဲ့ အဘက အထပ်ထပ်မှာလိုက်တာ… ခရီးသည်တွေဆင်းတဲ့နေရာမှာဆင်း… အဲ့မှာ နားနေဆောင်မှာစောင့်.. အင်း..ခုတော့..ခုတော့..
***** ****** *****
အဝေးကတည်းက ကျွန်မဧည်သည်ပါလာမယ့်ကားကို လှမ်းမြင်ရတာကြောင့် ခပ်သွက်သွက်ကလေး ကားနားကို လှမ်းသွားမိပါတယ်… ခရီးသည်တွေတစ်ယောက်ပြီးတစ်ယောက်သာဆင်းလာတာ.. ကျွန်မရဲ့ ဧည့်သည် မောင်နှမကတော့ ပါမလာ… ကားချိန်များမှားလားဆိုတော့လည်း.. ဒီချိန် ဒီကားကလည်း တစ်စီးတည်းသာရှိတာ.... ဝေခွဲမရ စိတ်နဲ့အတူ.. ကားထွက်သွားတာတောင် အတင်းပဲလိုက်ကြည့်မိပါသေးတယ်…ကားပေါ်မှာလူရိပ်ဆိုလို့.. ကားစပယ်ယာလေးပဲမြင်မိတယ်လေ…
အတန်ကြာအောင်စောင့်နေရင်းက မဖြစ်သေးပါဘူးလေဆိုပြီး.. ကားဂိတ်ကိုသွားမေးရပါတော့တယ်… စီးလာတဲ့ လူစာရင်းကို တစ်ချက်လောက်ကြည့်ပါရစေဆိုပြီးခွင့်တောင်းကာ ယူကြည့်တော့လဲ နှစ်ယောက်တွဲလက်မှတ်ဖြတ်တာကိုက..မပါ…
“ဟင်း….“
သက်ပြင်းအရှည်ကြီးသာ အားရပါးရ ချလိုက်ရပါတော့တယ်….. ဒီလိုအခြေအနေမှ ကျွန်မ ဘာလုပ်ရမလဲ… အိမ်ကိုဖုန်းဆက်ရင်လည်း မရောက်လောက်သေး… ဆက်စောင့်ရဖို့လဲ… ကားဝင်ချိန်က ကုန်ပီ… ရွာကိုလည်း ဖုန်းဆက်လို့ရသည်ကမဟုတ်….
ကားလက်မှတ်ကောင်တာနားမှာပဲထိုင်နေတာ..ပုံမှန်ထက် တစ်နာရီကျော်လောက်ကြာနေပီဆိုတော့.. အိမ်က အမေတို့လည်း စိတ်ပူနေမှာမို့.. ကျွန်မ အိမ်ကိုပြန်ဖို့သာ ဆုံးဖြတ်လိုက်ရပါတယ်.. အိမ်ကိုပြန်စီးရမည့် ရွှေဧည့်သည် ကားဂိတ်ကလည်း နီးနီးလေးမို့တော်သေးသည်. တခြားကားတွေဆို ခပ်ဝေးဝေးထိ ပြန်လျောက်ရရင်တော့ မလွယ်….
“ထိုင်မယ်နော်..အမ.”
ပြတင်းပေါက်ဘက်ကို ငေးနေရာမှ အသံကြားလို့ လှည့်ကြည့်လိုက်တော့… တောသားလူရွယ်တစ်ယောက်..ထိုင်ခုံ ကလည်း ကျွန်မတစ်ခုံသာ လွတ်တာမို့ လာထိုင်ရင်းခွင့်တောင်းခြင်းဖြစ်သည်… နယ်ကမှန်းသိသာလိုက်တာ.ဟုသာ……
လွယ်ထားတဲ့အိတ်ထဲမှာတော့ ပစ္စည်းတွေက ပြည့်ဖောင်းလို့နေပါတယ်.. လက်ကဆွဲထားတဲ့ ဆွဲခြင်းထဲမှာလည်း ဘာတွေမှန်းမသိတဲ့ ပစ္စည်းတွေက အစီအရီမရှိ.. လူတစ်ယောက်စာထိုင်ခုံလေးမှာတော့ သူ့ပစ္စည်းတွေနဲ့သူနဲ့ကတော့ ကြည့်ရဆိုးရလောက်အောင် ပုံစံက မကျဖြစ်နေသည်လေ..
ခဏခဏ ပျို့အန်ချင်သလိုဖြစ်နေတဲ့သူ့ကို ကျွန်မ စိတ်မသက်သာစွာကြည့်လိုက်ရင်း..ဘာလေးများကူရမလဲလို့ စကားစလိုက်ရပါတယ်.. နေရာချင်းပဲလဲပေးရမလား.. တစ်ရှုးပဲထုတ်ပေးရမလား..ကျွတ်ကျွတ်အိပ်ပဲတောင်းပေးရမလား..
“ဝေါ့…”
ဟဲ့..နေဦး.နေဦး. စပယ်ယာ… အိတ်ရှိရင် တစ်လုံးလောက်ပေး… ”
“ရော့ ရော့ ဒီမှာ.. ဒီထဲကို အန်ထည့်….”
ပြောလည်းပြော လက်ကလဲလှမ်းပေးလိုက်ရင်း… ကျွန်မ နေရာချင်းလည်း လဲပေးလိုက်ရပါတယ်.. သူတော့ ဘယ်ထိသွားမလဲမသိ. ကျွန်မက ဂိတ်ဆုံးနားမို့ ခရီးကတော့ အတော်ကလေးကို စီးရပါတယ်.. ကားမမူးတတ်တဲ့ သူဆိုတော်သေး….
“ဘယ်လိုလဲ..သက်သာလား….” “အင်း… ကျေးဇူးအမ..”
ကျွန်မကျွေးတဲ့ ပူရှိန်းသကြားလုံးကို ပါးစပ်ထဲအတင်းထည့်ရင်း… ကျေးဇူးတင်တဲ့အကြည့်နဲ့ ပြန်ကြည့်လာတဲ့ အဲ့ကောင်လေးကတော့ ကျွန်မမောင်အရွယ်သာ… ခပ်နုံနုံလေးမို့လဲ..ကျွန်က စကားပြန်ပြောရဲသည်သာ…. တစ်ချို့များတော့…မပြောရဲပေါင်…….
ကားစီးရင်းနဲ့တော့ စကားတစ်လုံးမှ မပြောကြတော့ပေမယ့် သူလဲသူ့အတွေးနဲ့သူ..ကျွန်မလဲ လာကြိုတာလွဲနေတဲ့ စိုးရိမ်စိတ်ကလည်း မပျောက်တပျောက်မို့… ခပ်မဆိတ်သာ နေလိုက်ပါတယ်..
ကျွန်မဆင်းရမဲ့ မှတ်တိုင်က နီးလာပြီမို့ ကျွန်မလဲ သူ့ကိုလှမ်းမေးလိုက်ပါတယ်.
“ဘယ်မှာဆင်းမှာလဲမောင်လေး....
မသိဘူးအမ..ရှာရဦးမှာ….
ဟယ်.. နင့်ဟာကလည်း ..ရန်ကုန်ကိုဘာများထင်နေလည်း.. လိပ်စာမပါဘူးလား…
ပါတယ် ဘယ်နားရောက်နေမှန်းမသိတာ.. ပီးတော့ လာကြိုတဲ့သူနဲ့ လွဲနေတာ… ကျွန်တော်က ခုမှ စ ရောက်ဖူးတာ…အဲဒါကြောင့် ကားကို ဂိတ်ဆုံးထိ စီးသွားမလားလို့…
ဟဲ့…. ဂိတ်ဆုံးထိမစီးနဲ့လေ…နင်သွားမဲ့နေရာနဲ့ ဝေးနေရင် နင်ပဲ ဒုက္ခရောက်မှာလေ.. ရှာ…ခုရှာ လိပ်စာကို….
ကျွန်မကို ကြောက်၍ပဲလား.. အားကိုး၍ပဲလားတော့မသိ… ရှိသမျှ အိတ်တွေအကုန် လိုက်နှိုက်ကြည့်တော့မှ စာရွက်လေးတစ်ရွက် ထွက်လို့လာပါတယ်..
ပေး င့ါကို…..သူ့လိပ်စာကိုကြည့်လိုက်တော့…..
“ဟင်”………“ကဲဟယ်..” ငါ နင့်အမဟဲ့….
ကျွန်မ အံ့သြခြင်း ၀မ်းသာခြင်းနဲ့အတူ ခေါင်းကို ခပ်နာနာလေး ပိတ်ခေါက်ပစ်လိုက်ပါတယ်…. ဘုမသိ၊ ဘမသိ နဲ့ သူတော့ တော်တော်လေး နာသွားမည့်ပုံ….
“ကျွီ….”
ရုတ်တရက် ကားရပ်လိုက်သံကြောင့်… ကျွန်မလဲ အပြင်ကို ကြည့်မိတော့…
“ ဟဲ့….လာ…လာ.. ဆင်းမယ်…. မြန်မြန်…”
ကျွန်မတို့နှစ်ယောက်ကိုတော့ ကားပေါ်ကလူတွေ ဘယ်လိုထင်ကြမည်မသိ…မျက်စိနောက်တော့ သက်သာသွားမည့်ပုံ…. တော်သေးတာပေါ့နော်… အိမ်ကို ဧည့်သည်ပါလာလို့…… အိမ်ထိ လမ်းတစ်လျောက်မှာတော့ နှစ်ဦးသားလွဲနေပုံကတော့ ပြောမဆုံးဖြစ်တော့မည်…..

ဘာပဲဖြစ်ဖြစ် ကူညီတတ်တဲ့ ကျွန်မရဲ့ စိတ်ကလေးကိုတော့ ကျေးဇူးတင်နေမှာပါ…..

ကြိုးစားပါဦးမည်…

Share

Twitter Delicious Facebook Digg Stumbleupon Favorites More