Showing posts with label ၀တ္ထုတို. Show all posts

Sunday, November 27, 2011

အမှောင်ထဲက....အား..

အမှောင်ထဲက အား

မိုးက တစိမ့်စိမ့်လေးအေးနေသည်… မကြာမကြာ တိုက်လိုက်သောလေကြောင့် ကျောထဲစိမ့်ချင်ချင်….. မေညိုတစ်ယောက် အလုပ်သာလုပ်နေရတာ… စိတ်တွေက ယောက်ယက်ခက်နေသည်.... မနေ့က မိတင်နုပြောလိုက်တဲ့စကားကြောင့်…
မိညို…ညည်းယောက်ျားကို.. ဟိုဘက်ရွာမှာတွေ့တယ်တဲ့…ငါ့ကို ကိုသာလှကြီးပြောတာ
12 နှစ်လုံးလုံး မေ့ပျောက်ထားခဲ့တဲ့ ဒီကိစ္စက ခုမှပြန်ပေါ်လာတာ…… မတော်လို့များ ဒီရွာကို ရောက်လာရင်….
***** ************
ကျောင်းပိတ်ရက်မို့.. ကျွန်မ အလုပ်တွေ ပိုများရပါတယ်.. ကိုင်းထဲဆင်းသွားတဲ့အမေ့နောက်ကိုလည်း လိုက်ရဦးမယ်လေ…. အ၀တ်လျော်.. ရေခပ်၊ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီး… ခြံထဲလဲ ရှင်းလိုက်ပါသေးတယ်…။ အားလုံးပြီးရင်တော့ ထမင်းစားမယ်လေ…မနက်အစောထဲက မမေချက်ခဲ့တဲ့ ငါးငပိချက်က သူဇာ့အကြိုက်ပေါ့. ဗူးရွက်လေးပြုတ်ပြီး.. တို့ လိုက်လို့ကတော့.. ဘယ်ပြောကောင်းမလဲ ဆွဲပြီးသားပဲ.. ၃ . ၄ ပန်းကန်…..
၁၀ တန်းကျောင်းသူပေမယ့် အနေအေးပြီး လိမ္မာရေးခြားရှိလို့ သူဇာ့ကို တစ်ရွာလုံးက ချစ်ကြတယ်လေ… အမေ့ဇာတိရွာမဟုတ်ပေမယ့်.. ကျွန်မ အသက် ၂ နှစ်အရွယ်ကတည်းကပြောင်းလာတာမို့..ခုဆို ဒီရွာသားတစ်ယောက်လိုဖြစ်နေပါပြီ…
သင့်တင့်တဲ့ ခြံကလေးနဲ့ လုပ်စားစရာ ကိုင်းလေးယာလေးရှိတာမို့ ပြေလည်တာထက်.. ချောင်လည်ပါတယ်… သိပ်မဝေးလှတဲ့ရွာမှာ ကျောင်းသွားတက်ရတာလည်း သူဇာအရမ်းပျော်ပါတယ်… အမေက ခဏခဏပြောတယ်…အမေတို့တွေ ဒီရွာကိုပြောင်းလာတာ ကံတွေကောင်းလာတာပါပဲတဲ့… အစစအရာရာ အကုန် အဆင်ပြေတယ်ဆိုပဲ….. သိပ်တော့ နားလည်ပါဘူး… ထမင်းစားတာပဲကောင်းပါတယ်…..
လုပ်လက်စ အလုပ်လေးတွေ အားလုံးပြီးတော့… ကျွန်မထမင်းစားဖို့ပြင်လိုက်ပါတယ်… အမေ့အတွက် အရင်ခူးထည့်ထားလိုက်ပြီး အားရပါးရစားနေတဲ့ ကျွန်မ…..ခြံထဲကို အရိပ်တစ်ခု လှမ်းဝင်လာတာကြောင့်…အိမ်နောက်ဘက် ထမင်းစားခန်းကနေ အပြင်ကို ကဲ ကြည့်လိုက်ပါတယ်…
ခြံတခါးကိုတွန်းဖွင့်လာပြီး အိမ်ပေါ်ထိ ခပ်ရဲရဲတက်လာတဲ့ လူတစ်ယောက်ကြောင့် ကျွန်မ မင်သက်သွားပါတယ်. ဒီရွာသား မဟုတ်တာတော့ သေချာပါတယ်.. ခရီးသွားရင်း ၀င်လာတဲ့ပုံစံမျိုးကြီး……
” သမီး……”… ဘာလုပ်နေတာလဲ…. အဖေလေ…..
“ဟင်… အဖေ..” …. ၀ုန်း….
ဟဲ့…သမီး…မပြေးနဲ့လေ…..
အနောက်က လှမ်းပြောတဲ့ စကားသံတွေလည်း မကြားတော့ပါဘူး..တဒိတ်ဒိတ်ခုန်နေတဲ့ ရင်အစုံ၊ တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေနဲ့ ကျွန်မကိုတော့ ရွာလမ်းတစ်လျှောက်က လူတွေက အထူးအဆန်းသဖွယ်ဖြစ်နေပါတယ်..
မျက်နှာတစ်ပြင်လုံးထူပူပြီး.. တဆတ်ဆတ်ကိုတုန်နေတော့တာ… ကျွန်မဘ၀မှာ ဒီတစ်ခါသာကြားရပြီး မြင်လဲ မြင်ရတဲ့ အဖေဆိုတဲ့ အသံနဲ့ သက်ရှိလူတစ်ယောက်ကို နဖူးတွေ့ ဒူးတွေ့မြင်လိုက်ရတော့….ကျွန်မ…ကျွန်မ…

လမ်းတစ်လျှောက် ဘယ်သူ့ကိုမှမကြည့်ဘဲ…. ဟိုဘက်ကမ်း က အမေရှိတဲ့နေရာထိ အပြေးအလွှားနဲ့ပြေးနေတဲ့ကျွန်မကို အမေက အဝေးကတည်းက မြင်နေပါတယ်….
“အမေ..အမေ…”.. “ ဟဲ့… သမီး.. ဘာဖြစ်လာတာလဲ..ပြောစမ်း…အမေ့ကို… ”
“ အီး..ဟီး… အိမ်မှာ… အိမ်မှာ.. အဖေ…အဖေ….” …….“ ဟင်…… သောင်းစိန်….ဒင်း..ရောက်လာပြန်ပီပေါ့….”
အံကြိတ်ကာပြောလိုက်တဲ့ အမေ့အသံကြောင့်.. ကျွန်မ…ပို၍သာ စိုးရိမ်သွားပါတယ်…
***** ***** *****
မနေ့က ရင်တုန်တဲ့ကိစ္စက ဒီနေ့ထိ ကျန်နေတုန်းပဲ..… ကျောင်းသွားတာတောင် စိတ်ကမဖြောင့်…. တစ်နေရာရာကနေ… ရုတ်တရက် ထွက်လာလေမလား… ကျောင်းထိလိုက်လာမလား… စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်မကတော့ နေသားကျဖို့ အချိန်ယူရပါဦးမယ်….
ထူးထူးခြားခြား ဘာမှမပြောတဲ့ အမေ့ကိုလည်း နားလည်ပေးရပါတယ်…“သမီး..ဆိုပြီးခေါ်လိုက်တဲ့ .ဒီစကားလုံး.. ရင်းနှီးမှုမရှိတဲ့..ဒီစကားလုံးနဲ့ ကြင်နာစွာခေါ်လိုက်တဲ့ အသံကတော့..ကျွန်မရဲ့ မသိစိတ်ထဲ… အနည်းငယ်တော့ အမှတ်ရနေမှာပါ…. ။
လှည့်ကြည့်လှည့်ကြည့်နဲ့မို့ စက်ဘီးနင်းရတာတောင် အဆင်မပြေချင်တော့.. နောက်ကထိုင်လိုက်လာတဲ့သူငယ်ချင်းနဲ့ နေရာချင်းလဲလိုက်ရပါတယ်…
တစ်နေကုန်.ကျောင်းစာတွေထဲ စိတ်ကိုနစ်ထားပေမယ့်… အကြာမကြာ ပြန်မြင်ယောင်နေတာမို့.. မနည်းကို ဖျောက်ပစ်နေရတယ်.. အိမ်ရောက်ရင်တော့ အခြေအနေကြည့်ပြီး… အမေ့ကိုတော့ နည်းနည်းလောက်ဖြစ်ဖြစ် မေးမယ်လို့သာ…. ဆုံးဖြတ်လိုက်ပါတယ်…
ညနေ.အိမ်အပြန်ကတော့… ပေါ့ပေါ့ပါးပါးပါပဲ….အိမ်ကနေကျောင်းကို စက်ဘီးနဲ့တောင် နာရီဝက်ကျော်လောက် နင်းရတာမို့ ကျောင်းဆင်းအပြန်ကတော့.. အရမ်းကိုပျော်ဖို့ကောင်းတာ… တက်နိုင်သူများကျတော့.. ဆိုင်ကယ်တွေ တ၀ီဝီနဲ့….. အပြန်အလှန် .. စကြ…နောက်ကြ ရင်း… တစ်နှစ်ပြီးတစ်နှစ် ကုန်လို့သာသွားတာ… ဒီကျောင်းနဲ့… ဒီလမ်းကတော့.. ကျောင်းသားအားလုံးအတွက်… အမှတ်ရစရာတွေပါ….. စက်ဘီးကိုသာ အားပြုရတာမို့. တစ်အိမ်ကို စက်ဘီးတစ်စီးတော့ရှိရပါတယ်… မရှိသူများကျတော့… သူငယ်ချင်းနဲ့အဖော်ပြုပြီး… အတူတူသွား… အတူတူလာ….
“ဟေး… ငါတို့ကိုမှီအောင်လိုက်….”
နောက်ကနေဖြတ်ကျော်သွားတဲ့ စက်ဘီးတွေနောက်.. အတင်းမှီအောင်လိုက်ကြရင်းနဲ့… လူငယ်သဘာဝကတော့..တစ်ကယ့်ကို ပျော်စရာပါ..
“သူဇာ… ဟိုမှာ.. ဟိုမှာ..”………. “ ဟင်.. ဘာလဲ..”
သူငယ်ချင်းလှမ်းပြရာကို ကြည့်လိုက်တော့… .. မနေ့က အိမ်ကိုလာတဲ့ ကျွန်မရဲ့ အဖေရယ်လေ.... အိမ်တစ်အိမ်ကနေ… ကျွန်မတို့ ကျောင်းသားတွေအပြန်ကို ..စောင့်ကြည့်နေတာထင်တယ်… ကျွန်မကိုမြင်တော့ တောက်ပသွားတဲ့ အဖေ့မျက်လုံးတွေကို ကျွန်မ သေချာမြင်လိုက်ပါတယ်.. ။ နှုတ်ကနေ မခေါ်ဖြစ်ခဲ့ပေမယ့်.. ရင်ထဲကနေတော့.. ခပ်တိုးတိုးလေး ခေါ်ချင်မိနေတယ်..ထင်ပါတယ်….
အကင်းမသေသေးတဲ့.. ကျွန်မရဲ့ ကြောက်ရွံ့ခြင်းကတော့ စက်ဘီးကိုပဲ အသားကုန်နင်းမိလျက်သားဖြစ်နေပါတယ်….
**** **** ****
မေညိုနဲ့သောင်းစိန်တို့ အိမ်ထောင်ကျတော့.. အားလုံးက အားကျလိုက်တာ… နေနဲ့လ ရွှေနဲ့မြပေါ့… တစ်နယ်သားက ကိုယ့်ရွာသူကို တင့်တင့်တယ်တယ် တောင်းရမ်းယူတယ်ဆိုတော့ .. မေညို့မိဘများအပါအ၀င်. တစ်ရွာလုံးက ၀မ်းသာကြတာပေါ့… ရိုးသားစွာလုပ်ကိုင်ကြတော့လည်း စီးပွားက နေ့ချင်းညချင်းကို ဖြစ်ထွန်းလာတာ…
လယ်သမား၊ ကိုင်းသမားမဟုတ်တဲ့ သောင်းစိန်ကတော့… စပါးအ၀ယ်ဒိုင်ဖွင့်… နှုတ်သွက်၊ အာသွက်ကလေး.ဆိုတော့… လူတိုင်းကချစ်ခင်ကြတာပေါ့…. အိမ်ထောင်သက်တမ်း 2 နှစ်အထိ ကလေးမယူသေးပဲ.. စီးပွားဖြစ်အောင်လုပ်ကြမယ်လို့.. နှစ်ယောက်သား ဆုံးဖြတ်ထားခဲ့ကြတာ….ရည်ရွယ်ချက်တွေပြည့်တဲ့နေမှ သားသမီးယူဖို့လေ…
ဒီလိုနဲ့ 2နှစ်ကျော်လာတဲ့အခါမှာတော့… မေညိုတစ်ယောက် သူဇာကလေးကို မွေးဖွားခဲ့တယ်လေ… သားသမီးက ရတနာ ဆိုတော့ ၀မ်းသာရပေမယ့်.. လုပ်သမျှအလုပ်တွေအကုန်အဆင်မပြေတာတော့.ကံတရားအတိုင်းပဲပေါ့…ငွေမျှောငွေနဲ့လိုက်ရင်း… ရှာထားသမျှတွေကုန်တော့တာ…. ရိုးလွန်းလှပါတယ်ဆိုတဲ့သူလည်း.. အရက်သမားကိုဖြစ်ရော…. အရက်ကလွဲလို့ ဘာမှမသိတော့တဲ့ သောင်းစိန်ကတော့.. ကလေးနာမည်တောင် သိရဲ့လားမသိ……
စီးပွားရေးက အဆင်မပြေတော့ လင်မယားကတစ်ကျက်ကျက်…. အကြောင်းမရှိအကြောင်းရှာ..ရန်ဖြစ်… လင်မယားပဲ..ပြီးရင်ပြန်တည့်သွားမယ်ဆိုပြီး.. ဆွေမျိုးတွေက သဘောထားတော့… သောင်းစိန်အကြိုက်ပေါ့…. ကလေးငယ်လေးနဲ့ မေညိုကတော့ မိဘအိမ်ပြေးလိုက်၊ ဆွေမျိုးအိမ်ပြေးလိုက်……
စီးပွားရေးက အဆင်မပြေတာထက် ဘာမှကိုမရှိတော့တဲ့ဘ၀ကို တဖြည်းဖြည်းနဲ့ကိုရောက်လာတာ… ပြန်သင့်မြတ်ဖို့စကားစလိုက်တာနဲ့ ရန်စကားပဲပြောလာတာ…. မိန်းမနဲ့ယောင်္ကျား အင်အားကမမျှတော့.. ခံရသူကမေညိုပဲပေါ့…ချစ်လွန်းလို့ ယူခဲ့ကြပေမယ့်.. ခုကျတော့. လင်ဆိုးမယားဘ၀ကိုရောက်လာတော့တာ…. ရန်ဖြစ်တော့ စကားမပြော စကားမပြောတော့ အိမ်ကဆင်း… အင်း… အဲ့လိုနဲ့ သောင်းစိန်တစ်ယောက် ပြန်လာမလာ…. 12 နှစ်ရှိပြီ…
ခုလည်း ဘ၀ကထူးခြားမလာ.. အရက်သမားဘ၀က မလွတ်မြောက်နိုင်သေးဘူးပေါ့…
***** ***** ***** *****
တစ်ခါမှ မမေးကြည့်ဖူးတဲ့ အမေ့အကြောင်းကို ကြားလိုက်ရတော့… ကျွန်မ အမေ့ကို ပို၍သာ သနားသွားရပါတယ်…. မိဘတွေခေါင်းချခဲ့တဲ့ ကိုယ့်နေရပ်ကနေ… ခုနေတဲ့ရွာကို ဘယ်သူ့အားကိုးမပါပဲနဲ့ တစ်ယောက်တည်းပြောင်းလာပြီး ဘ၀ကို ရင်ဆိုင်လာတာ…

ခြင်ထောင်ထဲ အတူအိပ်နေရပေမယ့်.. ကျောခိုင်းထားတဲ့ ကျွန်မတို့ သားအမိရဲ့ စိတ်ထဲမှာတော့ အတွေးတွေက ပြောင်းပြန်တော့ ဖြစ်နေလောက်ပါတယ်…. အမေက..ဘာတွေများတွေးနေမလဲ…. ကျွန်မကကော.. အဖေကို ဘယ်လိုဆက်ပြီး ရင်ဆိုင်သွားရမလဲ…. ကျွန်မရဲ့ စိတ်ကူးထဲက မိသားစုပုံလေးက ဒီလိုမှမဟုတ်တာ… ချစ်ခင်မှုအားနည်းတဲ့ အဖေ့ကို ကျွန်မက ဘယ်လို အားမျိုးနဲ့ ပုံသွင်းယူရပါ့မလဲနော်… အမေကကော.. ခွင့်ပြုပါ့မလား…
အဖေ..လို့ ခပ်တိုးတိုးလေးခေါ်ကြည့်လိုက်တော့…. ထူးဆန်းစွာနဲ့ ပြန်ကြားရတဲ့ ကျွန်မနားထဲတော့… သမီး တဲ့လေ… အင်း…ဒီလိုဆိုရင်တော့..ဘယ်လောက်များပျော်ဖို့ကောင်းလိုက်မလဲနော်..“ ဟေး…. ပျော်လိုက်တာ..” ဆိုပြီး ကျွန်မ က၊ ခုန် နေမိတော့မှာ..
တခြားသူငယ်ချင်းတွေရဲ့ရတဲ့ မိဘမေတ္တာထက် အမေက ကျွန်မကိုပေးတဲ့ မေတ္တာက ပိုလောက်ပါတယ်… အဖေ့မေတ္တာက ကျွန်မလိုချင်သလို ပုံသွင်းယူရတဲ့အရာဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲနော်…
**** *****
ကျောင်းသွား၊ ကျောင်းပြန် စောင့်ကြည့်ပေမယ့် အဖေ့ရဲ့အရိပ်လေးတောင် မတွေ့ရတော့…ကျွန်မ တစ်ခုခုကို ၀မ်းနည်းမိသလိုလို……. ရွာထဲကပြောတော့..တခြားရွာကို .. သူ ပြောင်းပြန်ပြီတဲ့လေ… အခြေတကျမရှိတဲ့ ဘ၀က ဘာများကောင်းလို့လဲနော်.. အခါအခွင့်သင့်ရင်တော့ အပြင်မှာ အဖေလို့ တစ်ခါလောက်တော့ ခေါ်ခွင့်ရချင်ပါတယ်..
ခုတော့ ညဘက်တွေဟာ ကျွန်မရဲ့ စိတ်ကူးယဉ်စရာတွေပေါ့.. ပျော်စရာမိသားစုလေးကို ကိုယ့်ဘာသာတည်ဆောက်တယ်… ကျွန်မလိုချင်တဲ့ မိဘမေတ္တာကို ကိုယ့်ဘာသာလုပ်ယူတယ်.. တခါတခါများဆို အဖေကလေ. ကျွန်မ ကို ရိုက်တယ်.. ဆူတယ်… စာမရရင်လည်း စာတွေရှင်းပြပေးတယ်….. စိတ်ဓါတ်ကျနေရင်လည်း.. အားပေးတာပေါ့…. ကျွန်မကို ဆူတဲ့အခါများဆို အမေက လုံးဝကိုမကြိုက်……..။
ကျွန်မဘ၀ထဲ အဖေရောက်လာတဲ့ရက်ကစပြီး.. တစ်နေ့တစ်နေ့တော့ ပျော်စရာရက်တွေပါပဲ……………………။
အမေက ကျွန်မရဲ့လက်တစ်ဖက်ဆိုရင် .ခုက လက်နှစ်ဖက်ရနေပြီလေ.. ကျွန်မရဲ့ အမှောင်ထဲက အဖေပေါ့….
သူဇာလေး

Thursday, October 13, 2011

ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်..

“သူဇာ… ထမင်းစားမယ်..”

“အေး အေး ”

အတွေးထဲမျောနေရာမှ သူငယ်ချင်းက ထမင်းစားဖို့ သတိပေးတော့မှဘဲ ကျွန်မလဲ သတိပြန်ဝင်လာပါတယ်။ လက်ထဲက စာရွက်ခေါက်လေးကို အသာသိမ်းလိုက်ပြီး… ထမင်းစားခန်းထဲကို လိုက်ဝင်သွားလိုက်ပါတယ်..။

စတိုးဆိုင်တစ်ခုရဲ့ အရောင်းစာရေးမဘ၀က ဒီလိုပါပဲ။ ကောင်တာတစ်ခုစီကနေ တစ်ယောက်ချင်း အလှည့်ကျ စားရတာမို့ ကိုယ့်အလှည့်ကျ စားထားမှတော်ကာကျတာ…။ ထမင်းစားချိန်က မနက် 10 ခွဲကန 12 ခွဲထိ။

“ဟဲ့. နင်ဘာဖြစ်နေတာလဲ.. စားမကောင်းဘူးလား…”

ကျွန်မ ထမင်းချိုင့်ထဲ လှမ်းကြည့်ရင်း ပြောလာတဲ့ နီလာ့ကို ကျွန်မ ပြန်ကြည့်လိုက်ပြီး…

“အေးဟာ… ရင်ထဲတစ်မျိုးပဲ. ရင်ခံနေတာဖြစ်မယ်.”

အတွယ်အတာမဲ့ မုသားတစ်ခုကို သုံးလိုက်ပြီး… ဆက်လဲ မစားချင်တော့တာမို့.. အသာထွက်လာခဲ့ပါတယ်…

“ ဟဲ့ တော်ပြီလား..နင်က.. ” ” အေးဟာ ”

**** **** ****

ထမင်းစားခန်းထဲကနေ လေးကန်စွာထွက်လာတဲ့ကျွန်မကိုတော့ ကျွန်မသူငယ်ချင်းက ဟုတ်ကော ဟုတ်ရဲ့လားဆိုတဲ့ သံသယမျက်လုံးတွေနဲ့ ကျန်ခဲ့မှာတော့ အမှန်ပါပဲ….

ဆိုင်ကိုရောက်မှသိရတဲ့ သူငယ်ချင်းပေမယ့် ဘ၀တူချင်းမို့ စိတ်တွေလဲတူရပါတယ်။ တစ်ယောက်အကြောင်းကို တစ်ယောက် အစ အဆုံးသိသူမို့လဲ… အနားလည်ရဆုံးသူငယ်ချင်းတွေဖြစ်နေရတာပါ…။

ကောင်တာတစ်ခုချင်းကို တာဝန်ယူရတာမို့ ကိုယ့်ကောင်တာကို ဒီနေ့တော့ ၀ယ်သူတွေမလာပါစေနဲ့လို့သာ ဆုတောင်းနေမိပါတော့တယ်..။ ဒါပေမယ့်လည်း ငယ်ငယ်ထဲက ဆုတောင်းတိုင်းမပြည့်ခဲ့လို့လားမသိပါဘူး.. ဒီနေ့မှဘဲ ၀ယ်သူတွေက များလိုက်တာ………။

ဆိုင်ပိတ်ချိန်က ည 9ခွဲပေမယ့် ၀ယ်သူရှင်းတဲ့အထိစောင့်ရတာမို့ ဖယ်ရီကားပေါ်ရောက်တော့ 9 နာရိ 45 ဖြစ်နေပါပြီ..။ ပုံမှန်ရောက်ချိန်မရောက်ရင် စိတ်ပူတတ်တဲ့ အမေ့ကို ပြေးပြီး သတိ၇လိုက်ပါတယ်..။

ကြိုနေကျနေရာလေးမှာ အမေနဲ့မောင်လေးကို ဟိုး.အဝေးကတည်းက လှမ်းမြင်နေရပါတယ်… ဖယ်ရီကားလာရာ လမ်းဘက်ကို မျှော်ကြည့်နေတဲ့ အမေကတော့ ကျွန်မတို့ကားကို မြင်တော့မှဘဲ စိတ်ချသွားတယ် တူပါတယ်…။

“ကျွီ………

..ကဲ….ရောက်ပါပြီ..ဒေါ်သူဇာလေး..”

စပယ်ယာအဖြစ်လိုက်ပါလာတဲ့ ဆိုင်က ၀န်ထမ်းဦးလေးကြီးက အားလုံးကို ဒေါ်တပ်ပြီးခေါ်နေကျပါ..

ဟိုဘက်ကားလမ်းက အမေ့နဲ့မောင်လေးကိုလည်း လက်လှမ်းပြလိုက်ပြီး…

ကားလေး ဆက်လက်ထွက်ခွါသွားပါတယ်.. ကျွန်မထက် ဝေးတဲ့သူတွေ ကားပေါ်မှာ ကျန်သေးတယ်လေ….။

“သမီးရယ်. နောက်ကျလိုက်တာ… အမေဖြင့် စိတ်ပူနေတာ..”

“ဟုတ်တယ်အမေ.. ဒီနေ့အရမ်းရောင်းကောင်းတာ…”

စကားလဲပြော.. ကျွန်မလက်ထဲက လက်ဆွဲခြင်းလေးကို အမေက လှမ်းဆွဲတော့..

“ ဟာ.. ရပါတယ်အမေရ… သမီးဆွဲပါ့မယ်.”

“ဘယ်ဟုတ်ပါ့မလဲ .သမီးရယ်… င့ါသမီးလေးက ပင်ပန်းလာတာ..”

“ ပေးပါ.. သားကိုပေး..”

သားအမိတွေက ပြန်ချိန်တိုင်း..ခြင်းတောင်းလေးကို လုနေကျပါ… ထမင်းချိုင့်လေးနဲ ထီးလေးသာ ထည့်ထားတာမို့ ဘာမှတော့ သိပ်မလေးပါ. ဒါပေမယ့်လဲ အဲ့ဒါလေးကိုပဲ… သူဆွဲမယ်.. ငါဆွဲမယ်နဲ့…။

မောင်လေးကပြောသေးတယ်… “ မမကြီးကလည်း လာကြိုတဲ့သူက ဆွဲပေးရတာတဲ့လေ..”

ဘယ်ကနေရထားမှန်းမသိတဲ့ သူ့စကားလုံးကို သူပဲ မှတ်ထားတာ….။

“အမေ… ဖေကြီးအိပ်နေပြီလား..ထမင်းကော စားလား.. ”

“စားတယ် မကြီး….. ဖေကြီးက ဒီနေ့ စားကောင်းလို့တဲ့… ”

ကြားထဲက ပြန်ဖြေလိုက်တဲ့ မောင်လေးကို ကျွန်မတို့သားအမိနှစ်ယောက်စလုံး ဂရုဏာသက်စွာနဲ့ ကြည့်လိုက်ပါတယ်..

5 တန်းကျောင်းသားလေးပေမယ့် အဖေ့ဝေယျာဝစ္စတွေကို လုပ်ပေးနေတဲ့မောင်လေးက လိမ္မာပါတယ်။ အိပ်ယာထဲလဲနေတဲ့ အဖေ့ကို ငြိုငြင်မှုမရှိဘဲ သိတတ်လိမ္မာစွာနဲ့ လုပ်ပေးနေတာကိုက ကျွန်မတို့ ၀မ်းသာလှပါပြီ။ မနက် 8 နာရီဆို ကျွန်မကအလုပ်သွား၊ အမေက မနက်ထဲက ဈေးရောင်းထွက်၇တာဆိုတော့.. တမနက်ခင်းလုံးက အဖေနဲ့မောင်လေးသာကျန်ခဲ့တာ..မောင်လေးရဲ့ကျောင်းက ညနေကျောင်းမို့တော်သေးတယ်…။ မနက်ပိုင်း အဖေ့ကို ဆေးတိုက်၊ ထမင်းခူးကျွေးပြီး ကျန်တဲ့ကိစ္စလေးတွေကို လုပ်ပြီးမှ ကျောင်းကိုသွားရတာ..အမေက နေ့ခင်း ဆို ဈေးရောင်းရာကပြန်ရောက်တော့.. မောင်လေးနဲ့ရှေ့ဆင့်နောက်ဆင့်ပေါ့..။

အော်……….. ဘာလိုလိုနဲ့… အမေဈေးရောင်းလာတာ… 1 နှစ်ခွဲကျော်နေပြီလေ…။ မိသားစုအပေါ် တာဝန်ကျေခဲ့တဲ့ အဖေက ခုတော့ အိပ်ယာထဲလဲနေပြီလေ… အရင်တုန်းကထက်ပိုပြီး အိုစာသွားတဲ့ အမေ့ကိုကြည့်ပြီး… အသာဝေ့တက်လာတဲ့ မျက်ရည်ဥတွေကို မျက်တောင်နဲ့ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း… တခုခုကို ဆုံးရှုံးရတော့မယ့်ပုံစံနဲ့ ကျွန်မ………. ၀မ်းနည်းသွားရပါတယ်…။

***** ***** *****

တော်တော်နဲ့ အိပ်မပျော်တာမို့… ထလိုက်… ထိုင်လိုက်..လုပ်နေတဲ့ကျွန်မကို .အမေက.. “သမီး.. ဘာဖြစ်နေတာလဲတဲ့..” ကျွန်မ ဘယ်လိုပြောရမလဲ… “ ဘာမှမဟုတ်ပါဘူးအမေ” လို့သာ ပြန်ပြောလိုက်ရပေမယ့်…. ဟင်း……… စိတ်တွေ ညစ်ရပါလားနော်.. အိပ်ယာထဲ ဟိုလှိမ့်.. ဒီလှိမ့်နဲ့… ။

ဒီစာကိုဖတ်နေတာ ခုဆို ဘယ်နှကြိမ်မြောက်မှန်းတောင်မသိတော့ပါဘူး… ကိုအောင်က ချိန်းတဲ့စာ…. မနက်ဖန် ည 12 နာရီ လမ်းထိပ်မှာ လာစောင့်နေမယ်တဲ့..”

ကိုအောင်ဆိုတာက ကျွန်မချစ်သူလေ.. သူက ကားစပယ်ရာ ခဏလုပ်ရင်း.. ကျွန်မနဲ့သိတာ။…နယ်ကလာပြီး ကျောင်းတက်နေသူ… ဦးလေးကားကို စပယ်ယာလိုက်ပေးရာကနေ ဇာတ်လမ်းက စ ခဲ့ကြတာ….

တခြားစပယ်ယာတွေနဲ့မတူတဲ့သူကို ကျွန်မ သတိထားမိနေတာကြာပါပြီ။ ကားဂိတ်ကလည်း ကျွန်မစီးတဲ့မှတ်တိုင်နဲ့နီးတာမို့.. ကား စ ထွက်တဲ့အချိန်သာပုံမှန်ဆိုရင်.. ကျွန်မနဲ့အမြဲလိုလို ဆုံတတ်တယ်လေ…။ ကျွန်မတင်မဟုတ်ပါဘူး… 8နာရီပတ်ဝန်းကျင်လောက် ပုံမှန်အလုပ်သွားတဲ့သူတိုင်း ကားပေါ်ဆုံကြတာများတယ်.။. လိုင်းကားကို အသွားသာ စီးရတာမို့ အပြန်ကော မစီးဘူးလားလို့မေးရာက သိသွားကြတာပါ…။

ရိုးသားပြီး ကြိုးစားတဲ့သူ့ကို ကျွန်မ ခင်မိပါတယ်။ နယ်ကလာတာမို့ထင်ပါတယ် စကားပြောတာ ခပ်တုံးတုံးကြီးပေါ့….။ ကျွန်မအလုပ် စ ၀င် ကတည်းကဆို. ခုဆို 1 နှစ်ခွဲရှိနေပြီလေ…

**** ***** *****

ငယ်ငယ်ကတည်းက အပေါင်းအသင်းနဲတဲ့ ကျွန်မက ကိုအောင့်ကိုတော့ တစ်ကယ်ကို ခင်မိတာပါ။….. ခင်ရာက သံယောဇဉ်တွေဖြစ်..အဲ့ဒါနဲ့ ချစ်သူဘ၀ကို ရောက်ခဲ့တာ…. တစ်ကယ်တော့….. အချစ်ဆိုတာကို ကျွန်မ ဘာမှန်းကို မသိခဲ့တာ.... ရှေ့ရေးတွေဘာတွေလဲ စဉ်းစားထားတာကိုမရှိတော့….

အမေတို့ကိုတောင် အသိပေးမယ်.. ပေးမယ်နဲ့ ကျွန်မ တွန့်ဆုတ်နေခဲ့တာ… မိဘကို အားနာနေတာ.. ကိုယ့်မိသားစု အခြေအနကို ကိုယ်သာအသိဆုံးလေ.. အမေတို့ကို ဘယ်လိုထားခဲ့နိုင်မှာလည်း..

ကျန်းမာရေးမကောင်းတဲ့ အဖေနဲ့ ကျောင်းသားမောင်လေး… ဈေးရောင်းဝင်ငွေလေးသာရှိတဲ့ အမေ..

အို… မဖြစ်ပါဘူး…. ငါ.. မိသားစုကိုကြည့်ရမယ်.. ဒါ ငါ့တာဝန်…..ငါမှာ တာဝန်ရှိတယ်..

အတွေးတွေက ပေါင်းစုံပါပဲ.. တစ်ဖက်ချင်းစီပြန်ကြည့်ရင်တော့…..

ကျွန်မတစ်ကယ့်ကို မတွေးတတ်တော့ပါဘူး..

တဖက်ကလည်း ..“ သူဇာ ..ကိုယ်က ကျောင်းပြီးပြီ.. ပြန်ရင် ပြန်လာဖို့လမ်းမမြင်ဘူး… ဖုန်းနဲ့လဲ မဆက်သွယ်ချင်တော့ဘူး.. အဲ့ဒါတစ်ခါတည်းလိုက်ခဲ့တော့နော်.. ဘာလဲ.. ကိုယ့်ကိုမယုံဘူးလား….. မိဘတွေကိုစိတ်ပူနေတာလား… ကိုယ်တို့မင်္ဂလာဆောင်ပြီးလို့ နေသားကျသွားရင်..သူဇာတို့တမိသားစုလုံးကို ခေါ်ထားမယ်လေ….”

ဒါက ကိုအောင် အမြဲပြောတဲ့ စကားပါ.. သူရဲ့သစ္စာစကားကိုလည်း ကျွန်မ မဝေဖန်ချင်ပါဘူး.. အမြင်ရတဲ့ အနာဂတ်ကို ကျွန်မလုံးဝမယုံရဲပါ။.. ငယ်ကတည်းက မှန်းဆတိုင်း မဖြစ်ခဲ့တာမို့ ယုံစားဖို့ရာ အတော်ပင်ခက်ပါတယ်…။

အတွေးတွေက လူကိုအိပ်မရအောင်ကို နှိပ်စက်နေတော့တာပဲ... အိပ်ရေးပျက်ရင် အလုပ်ကိုထိခိုက်နိုင်တယ်လေ.. မနက်ကျအစောကြီးထရမှာမို.မျက်လုံးကိုအတင်းမှိတ်ကာ အိပ်လိုက်ရပါတော့တယ်…

အော်.. မနက်ဖန်..မနက်ဖန်… ကျွန်မ ဘယ်လိုဖြတ်ကျော်ရပါ့မလဲနော်…. (ဆက်ရန်)

***** ***** *****

“ဒုံး..”

ဟဲ့သမီး.. ဘယ်လိုတွေဖြစ်နေတာလဲ..

“လက်က လွတ်ကျသွားတာပါအမေ.”

မနက်ကတည်းက အမေဈေးရောင်းထွက်ဖို့ကူရင်း… လက်တွေက ခြေမကိုင်မိ ၊ လက်မကိုင်မိ ဖြစ်ကုန်တော့တာပဲ.. တိတ်ဆိတ်နေတဲ့ မနက် 4 နာရီဟာ. အိပ်ကောင်းတဲ့အချိန်ပါ…ပတ်ဝန်းကျင်နဲ့နေရာတာမို့ တက်နိုင်သလောက် အသံတွေကို ထိန်းပြီးလုပ်ရပါတယ်..။ ကိုယ့်ထမင်း ကိုယ်စားတာမှန်ပေမယ့်. သူများအပြောလွတ်အောင်လဲနေရပါသေးတယ်…

“ဟဲ့.. ဘယ်တွေငေးနေတာလဲ” “ဟင်”

“သမီး… ဘာတွေဖြစ်နေတာလဲ..”

“ဘာမှ မဟုတ်ပါဘူးအမေ…ကောင်းပါတယ်.”

ဟင်း…တမနက်လုံးလဲ အယောင်ယောင်အမှားမှားတွေချည်းပါလား… ညနေကို ငါဘယ်လိုဆုံးဖြတ်ရမလဲ.. ဒီပုံစံနဲ့ အလုပ်ထဲလဲ အဆင်ပြေပါ့မလား………။

အိမ်ရှေ့ဘက်မှာ အိပ်ပျော်နေတဲ့ အဖေနဲ့မောင်လေးကတော့ ဘာမှမသိရှာ…။ ကျွန်မရင်ထဲတော့ တစ်ခုခုကို စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေပြီထင်တယ်…ဈေးရောင်းဖို့အားလုံးပြင်ဆင်ပြီးတော့ ဈေးတောင်းလေးရွက်ပြီး တရွေ့ရွေ့လှမ်းထွက်သွားတဲ့ အမေကတော့… ကျွန်မကို နားလည်ပေးနိုင်ပါ့မလား….

**** ***** ****

အမေထွက်သွားပြီးသိပ်မကြာခင်ပဲ မောင်လေးကိုနှိုးပြီး ကျွန်မလဲအလုပ်သွားဖို့ ပြင်ရပါတော့တယ်… အိပ်ယာကနိုးလာတဲ့ အဖေ့ကို မျက်နှာသစ်၊ ရေပတ်တိုက်၊ အကျီလဲပေး စတာတွေကို မောင်လေးနဲ့ နှစ်ယောက်အတူလုပ်ပေးပြီး.. အမေကြော်ထားခဲ့တဲ့ထမင်းကြော်လေးကို အဖေနဲ့ မောင်လေးကိုကျွေးလိုက်တယ်.. … အဖေ့ကိုဆေးတိုက်ပြီးရင်တော့ ကျွန်မတာဝန်တွေအားလုံးပြီးပြီလေ.။

မနက် 8 နာရီဆို အိမ်က စ ထွက်ရပါတယ်။ ကားကိုစောင့်ရသေးတယ်လေ. အလုပ်နဲ့က သိပ်မဝေးပေမယ့် ကားစောင့်ရတာနဲ့၊ လမ်းမှာကြာတာနဲ့က အချိန်တော်တော်ပေးရတယ်...

ခါတိုင်းနေ့တွေနဲ့မတူပဲ.. ဒီနေ့တော့ ရင်မောရတဲ့နေ့တစ်နေ့ဖြစ်လို့နေပါတယ်..

အိမ်မှာ ကျန်ခဲ့တဲ့မောင်လေးနဲ့အဖေကော. အမေကော ကျွန်မရဲ့ဆုံးဖြတ်ချက်ကို သိနိုင်ပါ့မလား… အမေတို့ရဲ့ အိပ်မက်ကို ကျွန်မဖျက်ဆီးလိုက်တာလား.. မိဘတွေကို အားငယ်စေတာလား…ကျွန်မလုပ်ရပ်မှန်သလား၊ မှားသာလား၊ ကျွန်မကိုခွင့်လွတ်ပါ့မလား…. သိတော့ပါဘူး… ဘာမှမတွေးတာပဲကောင်းပါတယ်..

**** **** ****

လိုင်းကားကျေးဇူးကြောင့် ခပ်စောစောရောက်သွားတဲ့ကျွန်မကို သူငယ်ချင်းကတောင် စ နေပါသေးတယ်.. အမြဲတမ်း စိတ်ရှုပ်နေတဲ့အမူအယာနဲ့ ကမန်းကတမ်းပြေးလာရတဲ့ကျွန်မက ဒီနေ့ စောနေလို့တဲ့လေ…။

သူနဲ့တိုင်ပင်ရင်ကောင်းမလား… သူဘယ်လိုစဉ်းစားပေးမလဲ..ကျွန်မသိချင်တယ်..ဒါပေမယ့်..မပြောတော့ပါဘူး. သူက ကျွန်မကိုတားမှာ.. သူက ကိုအောင့်ကို ကြည့်မရဘူးလေ.. အညာသားမို့တဲ့… တစ်ကယ်တော့ ဘာမှလဲမဆိုင်ပါဘူး.. ကိုယ်ထင် ကုတင်ရွှေနန်းမဟုတ်လား…………..

“ငါ နင့်ကိုစောင့်နေတာ.. ထမင်းစားဖို့.”

“အမယ် ..ကြားသားမိုးကြိုး..”

“ဟုတ်တယ်.. ငါဗိုက်ဆာနေတာ မနက်က ဘာမှ မစားလာဘူးဟ..”

“အဲ့ဒါကြောင့် စောစောရောက်လာတာပေါ့လေ..” “အင်း”

အပြုံးကလေးနဲ့သာ ပြန်လည်တုန့်ပြန်လိုက်ပါတယ်… ဒီနေ့ ကျွန်မ စိတ်လက်.ပေါ့ပါးနေသလိုပါပဲ..

ဗိုက်ကဆာနေတာမို့ စားလိုက်တာ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး.. နီလာကတော့ ပုံမှန်အတိုင်း ဖြေးဖြေးပေါ့. ကျွန်မကသာ စိတ်လောနေတာဖြစ်မယ်.. အရာရာကို နောက်ကျနေတယ်လို့သာ ထင်မှတ်နေမိပါတော့တယ်…

**** **** ****

ဒီနေ့တော့ ၀ယ်သူပါးတာနဲ့ ကောင်တာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်နေမိပါတယ်. ခဏခဏလွတ်လွတ်ကျတဲ့ ကြက်မွှေးတံမျက်စည်းကတော့ တရားခံပေါ့….. ကျွန်မ အရမ်းကိုသွက်လက်နေတာဖြစ်ပါလိမ့်မယ်… ၀ယ်သူလာ ထရောင်းလိုက်၊ ပစ္စည်းတွေကို တန်းစီလိုက်နဲ့……

တစ်လမှတစ်ခါရေးရတဲ့ ပစ္စည်းစာရင်းတွေလဲ ရေးလိုရေး..နဲ့..

စာရေးမတွေရှိတဲ့ အထပ်က 4 လွှာမှာလေ.. အဲ့ဒိကိုလည်း တက်လိုက်ဆင်းလိုက်နဲ့ …. ကောင်တာထဲလိုမယ့်ပစ္စည်းတွေကိုလည်း.. မှာယူနေတော့တာ…။

ကျွန်မ နောက်ရက်တွေဆို ဒီကို မလာနိုင်တော့ဘူးလေ...ကိုယ်တာဝန်ယူထားရတဲ့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းပဲလုပ်ခဲ့ချင်တယ်..ကိုယ်မရှိတော့မှ အတင်းပြောတာလဲ မခံချင်ဘူးလေ… . အလုပ်သမားတွေဘ၀က ဒီလိုပါပဲ.. လူရှိနေတုံးတော့ကောင်းတယ်လေ.. ကိုယ်များမရှိလို့ကတော့..ဘယ်တုံးကပြောချင်နေတဲ့ အတင်းတွေလဲမသိဘူး.. အကုန်ပြောတော့တာ..

အလုပ်ကိုသံယောဇဉ်တော့ရှိတာပေါ့..

ဟာ… တော်ပြီ…တော်ပြီ.. ဘာတွေတွေးနေမှန်းးကိုမသိတော့ပါဘူး..

ကျွန်မ ဘာမှမတွေးဘဲနေရင်ကောင်းမယ်ထင်တယ်…

ကျွန်မ ဘာမှကို မတွေးချင်ပါ. အရာရာတိုင်းဟာ ကောင်းဖို့ဖြစ်လာတာဘဲဟုသာ တွေးထားလိုက်ပါတော့တယ်….

**** ***** *****

သွက်လက်ပေါ့ပါးစွာနဲ့ ပြီးဆုံးသွားတဲ့ တစ်နေ့တာအတွက်တော့ ရင်အခုန်ရဆုံးပါပဲ… မှတ်တိုင်မရောက်ခင် ကတည်းက ဆင်းဖို့တပြင်ပြင်ဖြစ်နေတဲ့ ကျွန်မကို စပယ်ယာ ဦးလေးကြီးကတောင် မျက်စိစပါးမွှေးစူးနေလောက်ပါတယ်…

မှတ်တိုင်မှာ အမေတစ်ယောက်တည်းတွေ့တာမို့ မောင်လေးများ ဘာဖြစ်လို့လဲဆိုပြီး တွေးလိုက်မိပါတယ်..

နေ့တိုင်းလိုက်လာနေကျမို့.. ဒီနေ့တော့ ထူးဆန်းနေတာ..

“အမေ.. မောင်လေးလိုက်မလာဘူးလား”

“အေးသမီး.. မနက်ဖန် သူစာမေးပွဲလေ..အဲ့ဒါကြောင့် ခေါ်မလာတာ..”

“အော်..”

ငါဘာလို့မသိတာလဲလို့ ကိုယ့်ကိုကိုယ်လဲ အပြစ်မတင်တော့ပါဘူး..

အိမ်အပြန်လမ်းတစ်လျှောက်လုံးက အရင်နေ့တွေနဲ့မတူဘဲ တိတ်ဆိတ်လို့နေပါတယ်.. အမေလဲ သူ့အတွေးနဲ့သူ.. ကျွန်မလဲ ကိုယ့်အတွေးနဲ့ကိုယ့်……

“ဟယ်… အဖေ အိပ်သေးဘူးလား.”

“ငါ့သမီးကိုစောင့်နေတာ..”

“ဟုတ်တယ် . သားလည်း စောင့်နေတာ..”

အော်. ဒီနေ့မှမိသားစုတွေစုံလို့ပါလား..

“သမီးထမင်းစားလေ.. အဖေတော့ . ဒီနေ့ နေလို့ထိုင်လို့ကောင်းတယ်လေ.. အဲ့ဒါကြောင့် မအိပ်ချင်တာနဲ့ သမီးကိုစောင့်နေတာ…”

“ဟုတ်… ဖေကြီး”

ရှည်လျားစွာ စကားပြောတဲ့အဖေ့က ကျွန်မပြန်ပြောတဲ့ စကားလုံးနဲနဲကိုလည်း ကျေနပ်သွားတယ်တူပါတယ်..

ဟိုဘက်လှည့်ကာ အိပ်မယ့်ဟန်ပြင်နေတဲ့အဖေ့ကို အမေကပဲ ခြင်ထောင်ပြင်ပေးလိုက်ပါတယ်…

စားသောက်ခြင်းတွေအားလုံးပြီးတော့.. ကျွန်မလဲ လုပ်စရာရှိတာလုပ်ပြီး အိပ်ယာထဲ အသာဝင်နေလိုက်ပါတယ်..

မနက်လေးတင်မှ ပြောသွားတဲ့ ကိုအောင့်စကားကို ပြန်တွေးမိပြီး ဘာသာပဲ ပြုံးလိုက်ပါတယ်..

“တို့. အတူတူနေရတော့မယ်တဲ့”

“ညကျ.. ဆက်ဆက် စောင့်နေမယ်တဲ့”

မိသားစုတွေ ခုလိုစုံစုံညီညီမတွေ့ရတာ ကြာပေါ့… အရင်ကဆို ကျွန်မတို့မိသားစုလေးက အရမ်းကို ပျော်ဖို့ကောင်းပါတယ်.. အမေ့ထက် 2 နှစ်ကျော်ငယ်တဲ့ အဖေက ပျော်ပျော်နေတတ်တာမို့.. ကတ်ဆက်ကလေးဖွင့်ပြီး က ပြတတ်တယ်လေ… ကျွန်မတို့က လက်ခုပ်တီး.. အမေကတော့ တဟားဟားနဲ့ကို သဘောကျနေတာ…. အဖေက ပါးစပ်ဆိုင်းလဲ တီးတတ်သေးတယ်လေ…

မီးဖိုထဲ ထမင်းချက်နေတဲ့ အမေ့ကိုလည်း အိမ်ရှေ့ကနေလှမ်းစ.. မောင်လေးနဲ့အတူ ၀ိုင်းကစားပေးနဲ့ … တစ်ကယ့်ကို မိသားစု အနှစ်သာရလေးပါ.. မရှိပေမယ့် ပျော်ပျော်နေတတ်တဲ့ ကျွန်မတို့ မိသားစုလေးကို လမ်းထဲက တချို့သောသူတွေတောင် မနာလိုကြဘူးထင်ရဲ့……

အဖေ့တစ်ယောက်တည်းသာ အားကိုးပြီးလိုက်လာရှာတဲ့အမေက မျက်နှာမငယ်ရပါဘူး… ရိုးသားစွာနဲ့ နေလာတဲ့သက်တမ်းတစ်လျောက်လုံးတော့ အမေက အပျော်ရွှင်ရဆုံးပါ…ဆွေမျိုးသားချင်းမရှိတာမို့

ဒီမိသားစုလေးသာ အရင်းနှီးဆုံးလေ..။

ခုတော့ ကျွန်မလဲ အမေ့နေရာကို ပြန်ရောက်နေသလိုပါပဲ..အမေပြန်ပြောပြတဲ့ အမေ့အကြောင်းလေးတွေကို ကျွန်မ နားယဉ်နေတာ သိတတ်တဲ့အရွယ်ကတည်းကပါ။ မိန်းမသားအဖော်အဖြစ် ကျွန်မကိုသာ သတ်မှတ်ထားတာမို့ အမေနဲ့ ကျွန်မက ညီအမလို၊ သားအမိလို နေလာခဲ့တာ…။

ခုတော့ ကျွန်မ ဒီမိသားစုလေးကို စွန့်ခွါသွားရတော့မယ်….. ကိုယ်ပိုင်ဘ၀လေးတစ်ခုကို အမေ့လိုပဲ တည်ဆောက်ရတော့မှာပါလား…

အမေတို့လဲ ကြာရင် နေသားကျသွားမှာပါ…. ခဏတာပဲလို့ကျွန်မတွက်ထားလိုက်တယ်လေ..

ကိုအောင်ပြောသလို ခေါ်ထားလဲရတာပဲလေ……

ကိုယ့်အတွေးနဲ့ကိုယ် အဆင်ကိုချောလို့….။

တခေါခေါနဲ့ အိပ်ပျော်နေတဲ့ အမေတို့ကို ကျွန်မ တစ်ချက်လှည့်ကြည့်လိုက်ပြီး..

စိတ်ချသွားမှ အသာလေး ထလိုက်ပါတယ်… အရင်နေ့ကတည်းက တစုတစည်းထဲ ထည့်ထားတဲ့ အ၀တ်အစားအိပ်က ကျွန်မအိပ်ယာဘေးနားမှာ……မှတ်ပုံတင်သာ ယူလာခဲ့တဲ့… ကျန်တာမလိုဘူးတဲ့..ဒါက ကိုအောင်ပြောတာ..ကျွန်မကတော့ လိုမယ်ထင်တာလေးတွေကိုတော့ ထည့်ထားတာပဲလေ…

နာရီကိုကြည့်လိုက်တော့ 12 ထိုးဖို့ 15…

ကျွန်မ အဖေအမေတို့ကို ကန်တော့လိုက်ပါတယ်.. အိပ်ပျော်နေတဲ့မောင်လေးကတော့ဘာမှသိပုံမပေါ်…..

ခြံတံခါးလေးကို အသာဖွင့်ပြီး လမ်းမထိပ်ဘက်ကို ထွက်လာခဲ့ပါတယ်…. တိုက်ခတ်သွားတဲ့လေအေးအးက နှုတ်ဆက်သယောင်… ဓါတ်တိုင်က မီးသီးလေးက မှိတ်တုတ်တုတ်…

ကြောက်စိတ်တော့လုံးဝမရှိပါဘူး… အိမ်က စထွက်ကတည်းက ခဏခဏလှည့်ကြည့်မိတဲ့ နောက်ကြောင်းကလည်း မရေမတွက်နိုင်တော့………...ဟင်း.. တော်ပါပြီလေ.. ဆုံးဖြတ်ပြီးပီဘဲ….

ချိန်းတဲ့နေရာရောက်တော့ 12 ထိုးဖို့ နဲနဲသာလိုတော့တယ်… ကြိုရောက်နေမယ်ထင်တဲ့ ကိုအောင်ကလည်း မရောက်သေး… ဓါတ်တိုင်အောက်ကလေးမှာ အိတ်လေးကိုင်ပြီး ထိုင်နေတဲ့ကျွန်မရဲ့ စိတ်ထဲ ဘာတွေများ တွေးနေမလဲလို့………………

ခုချိန်ထိဝေခွဲမရသေးတဲ့စိတ်နဲ့…..

သိပ်မကြာခင်အချိန်မှာ အမေအရင်သိမှာပါ.. မနက် 3 နာရီဆို အမေ ထ ရတော့မယ်လေ…

ကိုအောင်မြန်မြန်ရောက်လာပါစေလို့သာ………..

ဟိုး..ရှေ့ကမြင်နေရတဲ့လူရိပ်က ကိုအောင်လားမသိဘူးဆိုတဲ့ အသိနဲ့ .ကျွန်မ ထိုင်ရာကရပ်လိုက်ပါတယ်……

နီယွန်မီးရောင်အောက်မှာ တရွေ့ရွေ့လှမ်းလာနေတဲ့ လူရိပ်က တဖြည်းဖြည်းပီပြင်လာပါတယ်..

ဟုတ်တာပေါ့.. ကျွန်မမျှော်လင့်နေတဲ့ ကိုအောင်ရယ်….

လှမ်းမြင်နေရတဲ့ ကိုအောင့်ဆီကို ကျွန်မသွားဖို့ ခြေလှမ်းလိုက်ပါတယ်..

“သမီး…” “ မကြီး..”

နောက်ဘက်နားဆီကနေ ခေါ်လိုက်တဲ့အသံ….

“ဟင်..” ဆိုပြီး လှည့်ကြည့်လိုက်တော့ ဘယ်အချိန်ထဲက အနားရောက်နေမှန်းမသိတဲ့ အမေနဲ့မောင်လေး…

အမေရဲ့ “ သမီး” ဆိုပြီး ခေါ်လိုက်တဲ့အသံက တုန်ရီလှိုက်မောနေတယ်ဆိုတာ. ကျွန်မသိပါတယ်….

မျက်ရည်တွေဝေနေတဲ့မောင်လေးကလည်း သနားစရာ….အားကိုးတစ်ကြီးနဲ့ကြည့်နေတဲ့ ဟန်တွေ…..

အမေရဲ့မျက်နှာပေါ်က ဖြစ်နေတဲ့အရာတွေကို ကျွန်မ ဘာသာမပြန်ချင်တော့ပါဘူး…..

နားလည်ပေးခြင်းတွေနဲ့ပြည့်နေတဲ့ အမေ့မေတ္တာတွေကို ကျွန်မလှမ်းမြင်နေရတယ်လေ…ဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက အမေ့ကို ပိုပြီး..ပူလောင်စေပါလိမ့်မယ်…

“အမေတို့ကို ထားခဲ့တော့မလို့လား သမီးရယ်…………” တဲ့..

“မျက်ရည်တွေနဲ့မျက်နှာကိုအသာဖွက်လိုက်ပြီး……. အမေ့ကို အားပါးတရပြေးဖတ်လိုက်ပါတော့တယ်.. ရှိုက်ကြီးတငင်နဲ့သာ အားပါးတရ ငိုချလိုက်ပါတော့တယ်..။ သမီးကိုနားလည်ပေးပါအမေရယ်.. နော်.…

ဟင့်အင်း.ဟင့်အင်း.. ဆိုပြီး ခေါင်းခါပြနေတဲ့ကျွန်မကို အမေကဘယ်မြင်ပါ့မလဲ… လက်ကဆွဲထားတဲ့လက်ဆွဲအိပ်ကလေးကလည်း ခုဆို မောင်လေးလက်ထဲမှာ…………….

ခပ်ဝေးဝေးက ကိုအောင်ကတော့ သိလောက်ရောပေါ့……

ကိုယ်ချင်းစာတတ်ပါစေကိုအောင်ရယ်…………..ဟုသာ……….။

ကြိုးစားပါဦးမယ်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More