Wednesday, September 28, 2011

မိန်းကလေးများသတိပြုစေချင် ( 2 )

အထူးသဖြင့် မြန်မာမိန်းကလေးများသည် မိမိတို့၏ အိမ်ထောင်ရေးကိစ္စရပ်များကို အလွယ်တကူ ဆုံးဖြတ်လာကြသည်။ အမှားအမှန်ကို သေချာမစဉ်းစားတော့ပဲ အလွယ်တကူ ဆုံးဖြတ် တော့ သည်။ မြန်မာ တို့ယဉ်ကျေးမှုအရ ၊ စကားပုံအရ “ မိန်းမကြိုက်တော့ မျှော်လိုက်တာ” ဆိုတာ ရှေး တုံးက လူကြီးသူမ များ ပြော ဆိုခဲ့သော စကားဖြစ်သည်။ ယခုခေတ်ကာလနှင့် လားလားမှ မသက်ဆိုင်သော အခြေ အနေ မျိုးဖြစ်နေပေ သည်။ ပြောရဲဆိုရဲ ရှိလာသည်။ ပြောသင့်မပြောသင့် မဟုတ်တော့ဘဲ ၊ ချိန်ဆမနေတော့ပဲ စကားကို အလွယ်ပြောတတ်လာကြသည်။ မိန်းကလေးတို့ သိက္ခာ များ ပျက်သည်အထိ နေထိုင်ပြုမူ လာကြသည်။

သွက်လက်သောအဆင့်မှသည် ရဲတင်းလာတတ်ကြသည်။ စကားများပြောဆိုရာတွင် ပွင့်လင်း လွန်နေကြသည်။ ထို့အခါ သိက္ခာ၊ သမာဓိ ကိုမစဉ်းစားမိတော့ချေ။ ထို့ကြောင့် အတုယူမှားခြင်းသည် သတိပြုရန် အရေးကြီးလှပေသည်။ သွက်လက်၍ ထက်မြက်သော မိန်းခလေးများကို လူကြီးသူမများ သည်အလွန်ပင် အားကျသည် ဖြစ်သည်ဖြစ်သည်။ ယောင်္ကျားသားများနှင့် တန်းတူ ပြောဆို ဆက်ဆံရဲသည်။ သွက်လက်ခြင်းသည် ရဲတင်းပွင့်လင်းသည်နှင့် တူညီသည်ဟု ထင်ရသော်လည်း။ အနည်းငယ်ကွဲပြားနေသည်။ မိမိတို့၏ တစ်သက်တာ ကိစ္စရပ်များကို အလွယ်တကူ ဆုံးဖြတ်ရဲတာမျိုး သည် မဖြစ်သင့်ပေ။

လွတ်လပ်မှုကို နှစ်သက်လာသည်နှင့်အမျှ သွားလာသောနေရာများသည်လည်း စုံလှပေသည်။ ကာရာအိုကေမှ စ၍ နိုက်ကလပ် များ၊ နေ့ကလပ်များ စသည်များတွင် အမျိုးသမီးလေး များစွာ တွေ့နေရပေသည်။ ၀တ်စားဆင်ယင်မှုသည် စိတ်နေစိတ်ထားကို အနည်းငယ်ပြောင်းလဲစေနိုင်သည်။ လွတ်လပ်စွာ ၀တ်စားထားမှုကြောင့် ခေတ်ရှေ့ပြေးသည်ထက် ခေတ်လွန်နေတတ်ကြသည်။ ဒါမျိုးသည် သူတပါးများအား အတုယူပြီး လိုက်လုပ်နေကြသည်သာဖြစ်သည်။ မိမိတစ်ကိုယ်ရေ လှပမှု အတွက် ၀တ်စားထားသည် ဆိုသော်လည်း မြင်ရသူများအတွက် စိတ်မနှောင့်အယှက်ဖြစ်စေနိုင်သည်။ မမြင်ရသော အန္တရာယ်မျိုးကို ဖိတ်ခေါ်နေသကဲ့သို့ရှိချေသည်။ ဤသို့ ၀တ်စားနေထိုင်ခြင်းသည် တခြားတိုင်းတပါးများကို အတုယူခြင်းဖြင့် ရောက်ရှိလာခြင်းဖြစ်ပေသည်။

အရှက်ရှိမှ အကြောက်ရှိတတ်သည်။ မရှက်တတ်သော သူသည် အကြောက်တရားမရှိနိုင်ပေ။ မိမိ ကိုယ်ကိုတန်ဖိုးထားတတ်ပါမှ သူတပါးကလည်း လေးစားတန်ဖိုးတတ်ပေမည်။ မိမိတို့ဘ၀ကို အဖိုးတန်လေး များဖြစ်အောင် ထိန်းသိမ်းနေတတ်ရပေမည်။ စွန့်စားလိုသောစိတ်သည် ကောင်းသည် ဆိုးသည် ဒွန်တွဲနေတတ် သည်မို့ မိမိတို့တဘ၀စာ လက်တွဲရမည့်အရေးကို စဉ်းစားကြသောအခါ အလွယ်တကူ ယုံကာ ပုံအပ်တာ မျိုးသည် မဖြစ်သင့်ပေ။

အတုယူသည်သောကြောင့်လဲ အတုယောင်များကို မယူမိစေလိုပါ။ လှပသော ဒီဇိုင်းများ ဖြစ်သော် လည်း မြန်မာယဉ်ကျေးမှုနှင့် မလျော်သော ၀တ်စားထားမှုသည် မြင်သူများကို အကျည်းတန်စေသည်။ အထင်သေးစေသည်။ မိမိဘယ်လောက်ပင် အဆင့်တန်းမြင့်သည် ဆိုစေကာမူ မိမိ၏ အပြင်အဆင် က ဖော်ပြနေတတ်သည်။ “တောင်းမှာအကွတ်၊ လူမှာအ၀တ် “ ဆိုသကဲ့သို့ အ၀တ်အစားကြောင့်လဲ မိမိ ဂုဏ်သိက္ခာ တိုးတက်၊ မြင့်မား၊ နိမ့်ကျ တတ်ပေသည်။

ခေတ်နှင့်လျော်ညီအောင် ၀တ်စာထားမှုပင်ဖြစ်သော်လည်း အလွန်တိုသော၊ အကြည့်ရဆိုး သော ပြင် ဆင်မှုမျိုးသည် မြန်မာယဉ်ကျေးမှုနှင့် လျော်ကန်ခြင်းမရှိပေ။ ခေတ်ပညာတတ် မြန်မာအမျိုး သမီးလေးများသည် မိမိတို့ရဲ့မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းရမည် မဟုတ်ပါလား။ အဆင့်တန်း မြင့်လာသည်နှင့် shopping Center များတွင်လည်း ခေတ်သစ်ဒီဇိုင်းများ ရောင်းချမှုသည် များပြားနေ တတ်ပေသည်။ ဥပမာ ( အတိုဆုံး၊ အပါးဆုံး) အ၀တ်အစားများသည် ဈေးအကြီးဆုံး ဖြစ်နေ တတ်သည်။ ဤသည်မှာ မည်သည်ကို အတုယူ၍ မည်သို့ဖြစ်နေသည် မသိပါလေ။

လှပသော မြန်မာအမျိုးသမီးလေးများသည် ပြင်ဆင်စရာမလိုဘဲ နဂိုလှနေပေသည်။ သူတပါး မျက်စိနောက်စရာဖြစ်အောင် ဖော်ပြထားစရာမလိုပေ။ မိမိတို့ကသာ သူတပါးနိုင်ငမှ ဒီဇိုင်းများကို အထင်ကြီးနေမိသည်သာဖြစ်သည်။ မိမိတို့ရိုးရာ အ၀တ်အစားများကို တချို့သော အမျိုးသမီးလေးများ သည် မည်သို့ဝတ်ရမည်တောင် မသိဖြစ်နေသည်။ တပါးနိုင်ငံများမှ တဖန်ပြန်၍ မိမိတို့နိုင်ငံ ၊ ယဉ်ကျေးမှုကို အတုယူကာ အထင်ကြီးနေသည်ကို သိစေချင်ပါသည်။ လုံခြုံစွာ ၀တ်စားထားမှုသည် လှပသော ဒီဇိုင်းဖြစ်နေသကဲ့သို့ အမြင်အေးပေသည်။

ရင်ဟိုက်၊ ပခုံးပေါ်၊ ဘောင်းဘီတို စသည်များဝတ်မှသာ ခေတ်ဆန်သည် မဆိုသာပါ။ မြန်မာ ၀တ်စုံ များကိုလည်း ဒီဇိုင်းလှလှလေးများဖြင့်လည်း ချုပ်လုပ်ကာ ၀တ်ဆင်နိုင်ပေသည်။ လွတ် လပ်သော ပြင်ဆင် မှုမှသည် လွတ်လပ်သော တွေးခေါ်မှု၊ ထိုမှ အနေအထိုင်များ ပျင်ယွင်းသည်ထိ ဖြစ်နိုင်ပေလိမ့်မည်။ ဒါ့ကြောင့် မည်သို့သော ပညာရပ်များ ပေါ်ထွန်းလာပါစေ မြန်မာ့ စတိုင်၊ မြန်မာ့ပုံစံ၊ မြန်မာဓလေ့ ကို ရှေ့တန်းတင်ပြီး မျှတသော အမြင်လေးများဖြင့် အသွင်ဆန်း ကလေးဖြစ်အောင် နေထိုင်ပြုမှုသွားပါက အလွန်လှပပြီး အတုယူအားကျဖွယ်ကောင်းသော မြန်မာအမျိုးသမီးလေးများအဖြစ် ရေးသားလိုက်ရပေသည်။ မည်သည့် ကိစ္စကိုမဆို အတုယူမှားခြင်း မျိုးမဖြစ်လေရအောင် နေထိုင်သွားကြရင်းဖြင့် ကမ္ဘာလောကကြီးအား အလှဆင်နိုင်ကြပါစေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More