Saturday, September 17, 2011

မုန့်စိမ်းပေါင်းလေး.......


ဝှီ.၀ှီ..၀ှီ

မီးဖိုထဲက ထင်းတွေမီးမတောက်တာနဲ့ ကျွန်မလဲ မီးပြောင်းကိုသာ အတင်းမှုတ်နေမိတော့တယ်…. မနက် 3 နာရီဟာ တော်ရုံတန်ရုံလူတွေအတွက်တော့…. အိပ်လို့ကောင်းတဲ့အချိန်ပါ။…… ဒီချိန် ကျွန်မ မီးဖိုထဲရောက်နေပီ ဆိုတာ ခြေရင်း၊ခေါင်းရင်းအိမ်တွေက သိနေပါပြီ။…

ထင်းတွေက မိုးတွင်းမဟုတ်လဲရေတွေက စိုတယ်လေ…. ရေစိုတော့ မီးကမတောက်၊ မီးမတောက်တော့ အလုပ်ကမပီး…..အို… ပတ်လည်ကိုရိုက်နေတာပဲ…။

စိတ်ကမရှည်တော့ မီးဖိုထဲ အတင်းထိုးသိပ်ထည့်ထားတဲ့ ထင်းတွေကို မီးပြောင်းနဲ့သာ မှုတ်နေရတော့တာပေါ့။

မြေကြီးမှာပဲ အုတ်ခဲသုံးလုံးနဲ့လုပ်ထားတဲ့ ကျွန်မရဲ့မီးဖိုလေးက ကျွန်မထက်တောင် အသက်ကြီးပါတယ်.. အမေတို့ လက်ထက်ကတည်းကမို့ နေရာလဲ မပြောင်းဘဲ ဒီတိုင်းပဲထားလာတာ……

ယိုင်နဲ့နဲ့ ခဲလုံးလေးတွေကိုသာ အားပြုထားတာမို့ တခြားတစ်ယောက်ကြည့်ရင်တော့ ရင်ထိတ်စရာပါ.. ဒါပေမယ့် ကျွန်မကတော့ လုပ်နေကျမို့ အဆင်တော့ပြေသား…..

မိဘလက်ထက်ကတည်းက လုပ်လာတဲ့ ဒီအလုပ်ကို ကျွန်မ 8 တန်းနှစ်လောက်ကတည်းက ကျွမ်းကျင်ပါတယ်.. ကိုယ့်အောက်က အငယ်တွေကို ဦးစားပေးပြီး ကျောင်းထွက်ကာ မိဘနဲ့ ထပ်တူ ဈေးရောင်းခဲ့တာ ခုထိဆိုပါတော့..

ကိုယ်တိုင်လဲရောင်း၊ ဖောက်သည်လဲပေး နဲ့ ကျွန်မရဲ့မုန့်စိမ်းပေါင်းလုပ်ငန်းလေးက စားလောက်ပါတယ်လေ…

မုန့်ပေါင်းလေးတွေကို ဂရုတစိုက်လုပ်နေရင်း….. အပေါ်ထပ်မှာအိပ်နေတဲ့ မောင်နှမတော်တွေကို စိတ်က ရောက်သွားပါတယ်….. အကြီးကောင်၊ အလတ်ကောင် ၊ အငယ်ကောင် ဆိုပြီး အလွယ်တကူခေါ်နေတဲ့ ဒီနာမည်ပိုင်ရှင်တွေက ကျွန်မ မိခိုင်ရဲ့ အချစ်တော် မောင်တွေပေါ့။….. အငယ်ဆုံးမကလည်း ယောင်္ကျားလေးတွေ ကြားထဲ လူလာဖြစ်လို့လားမသိပါဘူး… မိန်းကလေးလို့ ဘာကိုကြည့်ပြီးပြောရမှန်းတောင်မသိတော့ပါဘူး….

သိတတ်မှု၊ နားလည်မှု လုံးဝမရှိဘဲ မိန်းမသားတစ်ယောက်လုပ်စာကို ထိုင်စားနေတဲ့ မောင်တွေကို အပစ်မတင်ချင်တော့ပါဘူး… အလုပ်ကို လက်ကျောတင်းအောင်မလုပ်လဲ ယောင်ပေပေနေနေတာ… သူတို့ကတော့ ကိုယ့်ကိုကိုယ့်လဲ ရှက်ဖို့တောင် မသိတော့ဘူးထင်ပါတယ်..

အဆင်သင့်ချက်ပြုတ်ထားတာကို အချိန်တန်ရင်ဝင်စား.. ဟင်းများမကောင်းလို့ကတော့.

“ မ မိခိုင်…. ဒါပဲလား ” ဆိုတာက တစ်မျိုး..

“ မ ..မိခိုင်ရာ…နင်ကလည်း.. ငါ ဒါမစားပါဘူးဆိုတာကို.. ” အဲ့လိုကတစ်ဖုံ…

ဟင်း….. မူးပြီး မသောင်းကျန်းတာပဲ ကျေးဇူးတင်၇မလိုလို……

“တော်ပါပြီ … မတွေးတော့ပါဘူး…”

တွေးလက်စကိုဖြတ်လိုက်ပြီး… အလုပ်ကိုသာ ဆက်လုပ်နေတော့တယ်…

အုန်းနိ့နဲ့တစ်ထပ်၊ ထန်းလျက်ရည်နဲ့တစ်ထပ်လုပ်ထားတဲ့မုန့်ပေါင်းလေးတွေက အစီအရီပါ… ကြားထဲမှာ အပိုထည့်ပေးထားတဲ့ စပျစ်သီးခြောက်နဲ့ ဖရုံယိုလေးက ကျွန်မရဲ့စေတနာလေးတွေပါ… … ဒါမှလဲ ကိုယ့်မုန့်လေးကို သူများတွေ အားပေးကြမှာလေ…..

ရောင်းပန်းလှအောင်လဲလုပ်ရသေးတယ်… အရသာကိုလဲ ခိုလို့မ၇ဘူးလေ… ထန်းလျက်မထည့်ဘဲ ဆေးသကြားထည့်လို့ကတော့… ဟင်း…သိတယ်မလား… ရပ်ကွက်မှာက မေးငေါ့ကြမှာ….

မုန့်ပေါင်းကိစ္စတွေအားလုံးပြီးရင် မနက် 5နာရီခွဲပြီလေ.. ထမင်းအိုးတစ်အိုးတည်၊ မနေ့ကညနေကချက်ထားတဲ့ ဟင်းကိုပြန်နွေးပြီး….. အိမ်ပေါ်ကိုတက်သွားလိုက်ပါတယ်…

“အငယ်မ…အငယ်မ.ထထ.. 5ခွဲနေပြီ။ ”

သူ့ကိုလဲနှိုး..ကိုယ်ကလည်း ဈေးရောင်းသွားဖို့ပြင်ရဦးမယ်……

မနက် 6နာရီဆို ဖောက်သည်တွေလာယူတယ်လေ… သူတို့ကိုပေးပြီးတာနဲ့ ကိုယ်လဲဈေးရောင်းထွက်ပေါ့…

**** *** *** *** ***

“မိခိုင်…မိခိုင် ” “၀င်လာပြီနော်…”

“၀င်လာခဲ့အမရေ..”

“ရော့မိခိုင် ဒါက မနေ့ကမုန့်ဖိုး.. ဒီနေ့ဟာတော့ ရောင်းပြီးမှသာယူတော့နော်…”

“အမကလည်း ..လုပ်ပြီ….. ဒီနေ့ ကျွန်မ အုန်းသီးဖိုးတွေသွား ရှင်းမလားလို့ ”

ပြောသာပြောရသာ… သူတို့က ကတိတော့တည်သား… ဒါ့ကြောင့်လဲ ခုချိန်ထိ မြဲနေကြတာပေါ့..

ဖောက်သည်ယူတဲ့သူတွေပြန်သွားတော့ကျွန်မလဲ ..၀တ်နေကျ အပေါ်ထပ်ကလေးကို ကောက်ဝတ်လိုက်ပါတယ်….

အိပ်မောကျကာ ကျန်ခဲ့တဲ့ မောင်တွေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး… .. ဈေးတောင်းကို ခေါင်းပေါ်သာ တင်လိုက်ပါတော့တယ်….လမ်းတစ်လျောက်တွင်တော့…အတွေးများက..အတွေးများက…………..***

***** *** **** *** ****

ဟုတ်ပါတယ်.. မုန့်နှစ်ကလေးတွေကို အထပ်လေးတွေ ဖြစ်အောင်၊ ခပ်ဖွဖွလေးနဲ့ ထပ်တင်ထားပြီး တစ်ပေါင်းတည်းဖြစ်အောင် လုပ်ရတာ တစ်ကယ်တော့ ခက်ခဲပါတယ်… မုန့်ပေါင်းနေချိန်မှာ မြေပြင်ကလည်း ညီရဦးမယ်လေ… ကြမ်းခင်းပေါ်ဆိုရင် ခြေနင်းကြမ်းကြမ်းတောင် မလျှောက်ရဘူး…မုန့်တွေကြပ်ကုန်ရင် ဘယ်လှတော့မလဲ…..

အဲ့လို ဂရုတစိုက်လုပ်ရတဲ့ အလုပ်ကိုကျတော့ ကျွမ်းကျင်ပြီး.. ကိုယ့်မောင်နှမတွေကို မထိန်းသိမ်းတက်တာတော့ ကျွန်မရဲ့အားနဲချက်ဖြစ်ပေလိမ့်မည်။ ထိန်းသိမ်းမှုလဲ နည်းပေလိမ့်မည်။

သူတို့ကို ဆုံးမဖို့လဲ ကျွန်မ အားမထုတ်မိခဲ့ဘူး… တစ်နေ့တစ်နေ့ ဈေးတောင်းခေါင်းပေါ်ရွက်ကာ မိဘကို ကူချင်တာပဲ သိခဲ့တာက အပြစ်များဖြစ်နေပြီလား…

ခုဆို ကျွန်မအသက် 25ကျော်လို့ 30 နားကပ်နေပေသည်။ အသက်ဘယ်လောက်ထိ ဒီအလုပ်ကို လုပ်နေရဦးမလဲဆိုတာ…မသိသေးဘူးလေ… အိမ်ထောင်မရှိပေမယ့် အဖွားအိုရုပ်ပေါက်နေတဲ့ ကျွန်မကို ဘယ်သူကများ တာဝန်ယူချင်ပါ့မလဲနော်….

ခုချိန်မှ မောင်နှမတွေကို လိမ္မာဖို့ တရားလဲမချနိုင်တော့ပါဘူး…. စည်းစည်းလုံးလုံးနေဖို့လဲ မပြောနိုင်တော့ဘူးလေ…..

ကိုယ့်လုပ်နေကျ ကိုယ့်မုန့်စိမ်းပေါင်းလေးကိုပဲ ဂရုတစိုက်ပေါင်းတော့မယ်လို့သာ… …………..စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်….

**** **** **** ***** ***** ****

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More