Tuesday, September 27, 2011

မိန်းကလေးများသတိပြုစေချင် ( 1 )

မိန်းခလေးများသတိပြုစေချင်

ယနေ့ခတ်ကာလသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်မှာ မယုံနိုင်ဖွယ်ပင်ဖြစ်သည်။ များပြားလှသော အသုံးအဆောင်ပစ္စည်း များနှင့် ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ၊ နေအိမ်ပုံစံများအပြင် တွေးခေါ်ယူဆမှုများလည်း မြင့်မားလာပေသည်။ လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့် ပြောဆိုမှုများ၊ နေထိုင်စားသောက်မှု ပုံစံ စသည်ဖြင့် လဲပြောင်းလဲ လာကြပေသည်။ ရှေးယခင် ခေတ်ကာလများနှင့် လုံးဝခြားနားလျက်ရှိ သည်။ အထူးသဖြင့် မြန်မာ အမျိုးသမီးလေးများသည် ပို၍ပင်လှလာကြပေသည်။ အ၀တ်အစား ဒီဇိုင်းက စ၍ ပြောစရာ မလိုအောင် ပြုပြင် ထားနိုင်ကြပေသည်။

ခေတ်ပညာတတ်များ များပြားလာသောအချိန်တွင် လူတိုင်းကိုယ်စီ၏ အတွေးအခေါ်များ၊ ဆုံး ဖြတ်မှုများမှာလည်း အမှားနည်းလာကြပေသည်။ မြင်လိုက်ယုံနှင့်တက်သိလွယ်သောကြောင့်လဲ အရာရာကို နားလည်နိုင်ကြပေသည်။ တစ်ပါးနိုင်ငံများမှ အတက်ပညာများကိုအခြေခံ၍ မိမိတို့နိုင်ငံ၊ ဒေသတွင် ပြန်လည်လုပ်ဆောင်လာနိုင်ကြပေသည်။ ကြိုးစားမှုများ အောင်မြင်သောအခါ ၀မ်းသာရ သကဲ့သို့ မိမိတို့ကြောင့် တစ်စုံတစ်ရာ ချွတ်ချော် တိမ်းပါးသွားခဲ့လျှင်မူ ၀မ်းနည်းရမည်ဖြစ်ပါသည်။

“ အတုမြင်အတက်သင် ” ဟူသောစကားသည် လေးနက်လှပေသည်။ မှန်ကန်သော အကြောင်းအရာ၊ ကောင်းမွန်သော အလေ့အထများကို လိုက်လုပ်ရန်ခက်ခဲသော်လည်း မကောင်းသောအမှုကိစ္စများ ကိုမူ အဘယ့်ကြောင့် နားလည်လွယ်နေကြသည်ကိုတော့ ဆုံးဖြတ်ရ ခက်လှပေသည်။ မြင်သမျှကိစ္စ၊ လုပ်ရပ်တိုင်းသည် မိမိတို့အတွက် လမ်းမှန်၊ လမ်းမှား တခုခုတော့ ပို့ဆောင်ပေးမည်ဖြစ်သည်။ သို့ကြောင့်လဲ မြန်မာအမျိုးသမီးကလေးများ အနေဖြင့် မိမိတို့ အတုယူ ပြီး အတက်သင် သော ကိစ္စများမှာ မှန်ကန်ရန် လိုအပ်လှပေသည်။

အတုမြင်သည်ဆိုရာတွင် မိမိတို့နှင့်အလှမ်းကွာဝေးသောနေရာ၊ တိုင်းပြည် များတွင် လုပ်ဆောင်သုံးစွဲနေသော အရာများကိုဆိုလိုသည်ဟု ထင်မိပါသည်။ မိမိတို့နိုင်ငံ၊ ဒေသ၊ စသည်များ တွင်တွေ့မြင်နေကျမဟုတ်သော အလေ့အထများ၊ အတွေးအခေါ်များ ကိုဆိုလိုခြင်းမဟုတ်ဟု ထင်မြင်မိပါသည်။ သို့ကြောင့်လဲ အတုယူမိသည် ဖြစ်မည်ထင်ပါသည်။

အတုခိုးလိုက်ပြီလျှင် လိုက်မလုပ်ပဲမနေနိုင်ချေ။ မိမိနှင့် သင့်တော်၏ မတော်၏ မစဉ်းစားမိချေ၊ သူတစ်ပါးအမြင်တွင် မည်သို့ဖြစ်နေသည်ကို မတွေးမိဘဲ မိမိတို့လုပ်ချင်သည်များကိုသာ လိုက်လုပ်ချေတော့သည်။

အထူးသဖြင့် မိန်းကလေးများသည် အတုယူရာတွင် အလွန်မြန်လှပေသည်။ အပြောင်းအလဲကို စိတ်ဝင်စားခြင်းနှင့် သက်ဆိုင်ပေလိမ့်မည်။ ငယ်ရွယ်သူများက ပိုဆိုးပေသည်။ ယခုခေတ်တွင် အသိအမြင်တိုးပွါးခြင်းများအတွက် အထောက်အပံ့ပေးသော ပစ္စည်းများစုံလင်လှပေရာ အတုယူခြင်း ကိစ္စရပ်များအတွက် အသုံးဝင်လှပေသည်။ ရုပ်သံလိုင်းများ၊ ဖတ်စရာစာအုပ်များ၊ အင်တာနက်များ စသည်ဖြင့် ထွန်းကာလာသည်နှင့်အမျှ အတုယူစရာများသည်လည်း လျှင်မြန်စွာ ၀င်ရောက်လာ ပေ တော့သည်။

မိန်းခလေးငယ်ငယ်ကလေးများသာမက အိမ်ထောင်ရှင် အမျိုးသမီးများလည်း ပါဝင်လာပေ သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် မသက်ဆိုင်သော အပြင်ဆင်မျာကို အတုယူတတ်လာပေသည်။ မိမိသာ မက သားသမီးများကိုပါ ခေတ်ရှေ့ပြေးအောင်လေ့ကျင့်ပေးကြလေသည်။ ငယ်ရွယ်သော အချိန် ကတည်းကပင် မှားယွင်းသောအသိများကို အမှတ်မှားနေကြပေလိမ့်မည်။ ကလေး ငယ် များ သည် အနာဂတ်အတွက် ကြယ်ပွင့်လေးများမဟုတ်ပါလား။ မိဘများကြောင့် အတုခိုးမှားနေပါလျှင် ပြင်၍ရမည်မဟုတ်တော့ပေ။ နောင်နှစ်ပေါင်း ကြာလာ သောအခါ မူလယဉ်ကျေးမှုများ ပပျောက် သွားမည်ကိုပင် စိုးမိချေသည်။

ကောင်းသောပညာရပ်များ သင်ကြားခြင်း၊ လေ့ကျင့်ပေးခြင်းများသည် နိုင်ငံနှင့် လိုက်လျော ညီထွေဖြစ်ရမည်မဟုတ်ပါလား။ ဒေသ၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုမရှိသော အတုယူ မှုမျိုးကို မယူစေလိုပေ။ ခေတ်ဆန်လိုခြင်း၊ social ကျလိုခြင်း၊ လွတ်လပ်စွာတွေးခေါ် ပြောဆိုလိုခြင်း၊ စသည်များသည် သတ်မှတ်ထားသောဥပဒေ၊ ဘောင် အတွင်း၌သာ အဆင်ပြေမည်ဖြစ်သည်။ တပါးသူတို့ ယဉ်ကျေးမှုသည် မိမိတို့နှင့် ထပ်တူမကျနိုင်ပေ။

(ဥပမာ) နိုင်ငံခြားဇာတ်လမ်းတွဲများဖြစ်သော ကိုရီးယားကားများတွင် အမျိုးသမီးများက အမျိုးသားများအား စကားပြောရာတွင် တခါတရံ၌ ခြေထောက်များပါ ပါတတ်လေသည်။ ဤသည် တို့သည် မြင်တွေ့နေကျများလာသောအခါ ကြည့်မြင်ရသူများအတွက် ယဉ်ပါးလာပေသည်။ ထိုကဲ့သော အတုမျိုးသည် မြန်မာနိုင်ငံနှင့် လိုက်လျောမှုမဖြစ်ချေ။ တခြားသော ပညာရပ်ဆိုင်ရာများ၊ အိမ်အသုံးအဆောင်၊ တချိုသောယဉ်ကျေးမှု၊အ၀တ်အစားများ စသည်များသည် အတုယူဖွယ်များသာ မက အားကျဖွယ်ပင်ဖြစ်သည်။

သို့သော် ခြေထောက်နှင့်စကားပြောခြင်းမျိုးတော့ အတုမခိုးသင့်ပေ။ မြန်မာယဉ်ကျေးမှု၊ ဓလေ့ ထုံစံ စသည်များနှင့် မသက်ဆိုင်၊ ရင်းနှီးမှုမရှိလျှင် အတုမခိုးသင့်ပေ။ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမဟုတ်ပါလား။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More