Wednesday, December 7, 2011

ကျွန်မမသိသော...လိုချင်သော...မေတ္တာ..


ဟေး… လွတ်ပြီကွ.. ကျွတ်ပြီကွ..
စာမေးပွဲအခန်းထဲမှ ထွက်လာရင်း အသံမျိုးစုံတို့ဖြင့် ပျော်ရွှင်လွတ်လပ်စွာ ပြောနေ ဆိုနေကျ အသံတွေကတော့ ထုံစံတိုင်းလိုလိုပင်… တစ်နှစ်တစ်ခါပြီးတာထက် ဒီနှစ်က နောက်ဆုံးနှစ်ဆိုတော့လည်း အားလုံးက ပျော်မဆုံးတော့…. တက္ကသိုလ်ကျောင်းသားဘ၀ကို ပျော်ရွှင်ပေမယ့်လဲ စာမေးပွဲကိုတော့ အနည်းငယ်တွန့်ကြသည်လေ…. နေချင်လွန်းလို့ စာမေးပွဲကို ကျအောင်ဖြေတာရယ်လို့တော့ ဘယ်ကျောင်းမှ ရှိမယ်မထင်……
“ ဟဲ့ ငါတို့ ခရီးထွက်ကြရင် မကောင်းဘူးလား…” “ ဟာ ကောင်းတာပေါ.. သွားကြမယ်လေ.. ဘယ်ကိုလဲ. ဘယ်တော့လဲ… ”
ဟဲ့. ဟဲ..နေကြပါဦး..ဖြေးဖြေးလဲပြောကြပါဟ… ဒီနေ့မှ စာမေးပွဲက ပြီးတာ…..
အေးလေ… ဒီနေ့ပြီးလို့ ဒီနေ့ပြောတာပေါ့ဟ..နောက်ဆို ငါတို့တွေ အခုလို နေရတော့မှာမဟုတ်ဘူးလေ…နော်… သွားကြမယ်ဟာ… သူဇာ..နင်လိုက်မယ်မလား..
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ ကျွန်မသူငယ်ချင်းတွေကို ကျွန်မဘာစကားမျှ ပြန်မပြောခြင်းနဲ့ပဲ သဘောတူပြီးသားဖြစ်နေပါတယ်.. တက္ကသိုလ်စတတ် ကတည်းက ခင်မင်လာသူတွေဆိုတော့ အစစအရာရာ ပြောစရာမရှိဘူးလေ…..
*****----------------*****----------------------*****
ဟဲ့.သူဇာ..လာ ငါတို့ဒီမှာ..
အအေးဆိုင်ထဲကနေလှမ်းခေါ်လိုက်သံကြောင့် ကျွန်မ …သူငယ်ချင်းတွေဆီ လှမ်းသွားလိုက်ပါတယ်.. ခရီးထွက်ဖို့ တိုင်ပင်ကြမယ်ပြောတာပဲ….
ဟဲ့.. သီတာတို့အိမ်က ခွင့်မပြုဘူးတဲ့… ဒါနဲ့ သူဇာ နင်တို့အိမ်ကကော..
ဟာ မိဝါ နင်ကလည်း သူဇာတို့အိမ်က ဘယ်နှခါများ ချုပ်ချယ်တာ ရှိလို့လဲ open ပဲလေ နင်မသိဘူးလား.. ငါတို့ထဲမှာ သူဇာက ကံအကောင်းဆုံးပဲ… ဟုတ်တယ်မလားသယ်ရင်း..
ပြောလဲပြော..မေးလဲမေး နဲ့ ကျွန်မ သူငယ်ချင်း နုနု ကတော့.. တက်ကြွနေလေရဲ့….. သီတာတစ်ယောက်သာ…
သူက နယ်ကလာပြီး အဒေါ်တွေနဲ့အတူနေရတာဆိုတော့… တင်းကျပ်လွန်းတဲ့စည်းကမ်းကြားမှာ နေရရှာတာ….
ကဲ….
အားလုံးပဲ.. မြန်မြန်သောက်ကြ… သီတာတို့အိမ်ကို ချီတက်မယ်… သွားပြောကြမယ်… ဘယ်လိုလဲ…
ကျွန်မရဲ့စကားကြောင့်.. သူငယ်ချင်းတွေအားလုံး ပြုံးပျော်သွားကြပါတယ်.. အားလုံးထဲကမှ သွက်သွက်လက်လက် ရှိတဲ့ ကျွန်မတော့ အစစအရာရာ ခေါင်းဆောင်တစ်ယောက်လိုပါပဲ….
*****----------*****----------*****----------
သူငယ်ချင်းသီတာတို့အိမ်ကို တစ်ခေါက်သာရောက်ဖူးတာမို့ အခု သွားသာသွားနေတာ သိပ်တော့မမှတ်မိချင်…..
ခပ်သန့်သန့် ရပ်ကွက်တစ်ခုလေးမှာ တိုက်ခံသဘောမျိုးဆောက်ထားတဲ့ သီတာတို့အိမ်လေးက နေချင်စရာ…
ခပ်ကျဉ်းကျဉ်းခြံလေးထဲမှာ ပန်းပင်လေးတွေကလည်း အစီအရီ….. အုပ်ခဲလေးတွေ တန်းစီထားတဲ့ မြေပြင်ကတော့ သီတာ့အဒေါ် အပျိုကြီးလက်ရာပေါ့…. ကျွန်မတို့လို ရေချိုးခန်းသီးသန့်မရှိဘဲ ကိုယ့်ခြံထဲမှပဲ ရေချိုး.. အ၀တ်လျော်ရတော့ အိမ်ရှေ့လေးမှာလည်း တိုင်ကီလေးတွေ… ကျောက်ပြားလေးတွေနဲ့…. ကျွန်မ မျက်လုံးထဲတော့ အထူးအဆန်းလိုလို…..
အိမ်ပေါ်ကိုမတက်ခင်.. ဖိနပ်ချွတ်စင်.က တစ်ဆင့်…ရှိပါသေးတယ်… ဖြစ်သလိုသာ နေတတ်တဲ့  ကျွန်မနဲ့တော့.. သီတာတို့အိမ်က အခြားနားကြီးပါ..
“ ဟဲ့.. ဘာတွေငေးနေတာလဲ..”
ရုတ်တရက်လှမ်းပြောလိုက်တဲံ့ မိဝါစကားကြောင့် ကျွန်မ သတိလေးပြန်ဝင်လာရပါတယ်.. သီတာ့အဒေါ် ရေချိုးနေတာမို့ ကျွန်မတို့တွေ ထိုင်စောင့်နေကြရင်း.. လက်ဖက်သုပ်လေးစားလိုက်… ကော်ဖီလေးသောက်လိုက်နဲ့…..
“အန်တီလာပြီ.”
မင်္ဂလာပါနော် အန်တီ..
“အေးပါကွယ်… ကဲ.သမီးတို့..လာတာ အကြောင်းတော့ရှိမယ်မလား..”
ဟုတ်ကဲ့ပါအန်တီ… ဟိုလေ.. သီတာ့ကို..သမီးတို့နဲ့အတူ ဘုရားဖူးထည့်လိုက်ပါလားဟင်.. သမီးတို့အတူတူသွားချင်လို့ပါနော်…
ပြီးတော့ သမီးတို့က မိန်းကလေးတွေပဲလေ.. ဒီလေးယောက်ပဲသွားမှာပါ..
“ ဟုတ်လား….”
ဒါနဲ့ သမီးတို့အိမ်တွေကကော.. ဘာပြောကြသေးလဲ… မိန်းကလေးတွေပဲသွားမှာကိုလေ…
အန်တီကတော့ လူကြီးတစ်ယောက်မှမပါတော့ သိပ်တော့ စိတ်မချဘူးကွယ်… ခုခေတ် ကလေးတွေက ပြောရခက်သားလား..နော်..
သီတာ့အဒေါ်က သိပ်မကြိုက်တဲ့လေသံထွက်တော့ ကျွန်မတို့ သုံးယောက်လည်း…. တစ်ယောက်မျက်နာတစ်ယောက်ကြည့်လို့……
ကဲကဲ… သီတာနဲ့အကြောင်းပြန်လိုက်မယ်နော်.. စားကြ စားကြ သမီးတို့… လွတ်လွတ်လပ်လပ်နေကြနော်.. အန်တီလုပ်စရာလေး ရှိလို့ သွားလုပ်လိုက်ဦးမယ်…
“ဟုတ်ကဲ့..အန်တီ.”
*****----------*****----------*****----------
“ဟွန်း… သီတာ့အဒေါ်ကလဲ… သူ့တူမကို ရောင်းစားမှာ ကျနေတာပဲ..”
ဒါက မိဝါစကား…
“ ဟာ မိဝါကလည်း လူကြီးဆိုတော့လည်း စိတ်ပူတာပေါ့ဟ ခုဟာက ငါတို့က ဘုရားဖူးကားနဲ့မဟုတ်ဘူးလေ.. သီးသန့်သွားမှာဆိုတော့ ”
သီတာတို့အိမ်ကအပြန်တော့ ကျွန်မတို့ သုံးယောက်ရဲ့ စိတ်ထဲတော့ အတွေးတစ်ခုစီ ကိုယ်စီ ရှိနေမှာပါ… ပူပန်တတ်တဲ့လူကြီး တွေကိုလား.. ခေတ်မမှီတဲ့ သီတာ့အဒေါ်ကိုလား…တခုခုပေါ့….
ကျန်တဲ့ သူတွေတော့ ဘယ်လိုနဲ့ ဘာတွေတွေးမိနေတယ်တော့ မသိပေမယ့်… ကျွန်မစိတ်ထဲတော့….. ပုံစံမတူနဲ့ မိသားစုတွေပါလားလို့သာ…..
အော်.. င့ါမိသားစုနဲ့များ..ကွာပါ့….
စည်းကမ်းတင်းကျပ်တာမျိုးမဟုတ်ဘဲ လူကြီးတစ်ယောက်အနေနဲ့ စိုးရိမ်ပူပန်ပေးတဲ့ သီတာ့အဒေါ်ရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်.. မိန်းကလေးတွေချည်းသာသွားမှာမို့လည်း ပိုပြီးတော့ စိုးရိမ်တာပါ… ဒါကလည်း မိဘတိုင်း၊ လူကြီးတိုင်းရဲ့ စိတ်ဓါတ်ဖြစ်မှာပါ… ကျွန်မ အဖေကလွဲရင်ပေါ့……
ဟုတ်တယ်… ကျွန်မက အဲ့လိုမျိုးနေချင်တာ… ကိုယ့်လုပ်မယ့်အရာတိုင်းကို တားမြစ်စေချင်တာ.. သတိပေးစေချင်တာ… အစစအရာရာ ဂရုတစိုက်နဲ့ လိုက်လုပ်ပေးစေချင်တာ…
အစစအရာရာပြည့်စုံတယ်လို့ထင်ရတဲ့ကျွန်မကို တခြားသူတွေ အားကျရပေမယ့် ကိုယ့်ရဲ့လိုအပ်နေတဲ့အရာကိုတော့ သူတို့ နားလည်မပေးနိုင်ဘူးလေ…
တစ်ယောက်တည်း အထီးကျန်စွာနဲ့ နေရတဲ့ဘ၀က ဘာများကောင်းလို့လဲနော်…..
မိုးလင်းမိုးချုပ် အလုပ်တွေနဲ့သာပိနေတဲ့ အဖေကတော့ ငွေရှာတော်တဲ့ငွေတွင်းကြီးပေါ့… အရသာရှိရှိချက်တက်တဲ့ ဖွားမေကတော့ သူဇာ့ရဲ့ ဟင်းအိုးကြီးပါ.. ..လိုသလောက်ကိုအလွယ်တကူသုံးနိုင်တာမို့ လိုချင်တာက မျက်စိတစ်မှိတ်တင်….. တစ်အိမ်လုံး ၃ယောက်သာရှိပေမယ့် မျက်နှာချင်းဆိုင်ရသည်က ရှားသည်လေ…..
ဘ၀မှာလိုချင်တာနဲ့ ရနေတာ ထပ်တူမကျတဲ့ ဘ၀ကတော့ အမြဲပဲ.. လိုအပ်နေဦးမှာပါ…..
တစ်ကြိမ်တစ်ခါလောက်များ အဖေ့ဆီက စိုးရိမ်ပူပန်မှုနဲ့ နွေးထွေးကြင်နာမှုလေးတွေ… ရချင်စမ်းပါရဲ့……..
ခပ်စိမ်းစိမ်းအကြည့်များနဲ့သာ နေရတဲ့ ကျွန်မကတော့ နွေးထွေးတဲ့လက်တစ်စုံကိုတော့ လိုချင်မိတာ အမှန်ပါ……
ကြိုးစားပါဦးမည်…

*****---------*****---------*****--------*****-------------

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More