Thursday, December 15, 2011

သူ့အလှည့်... ကိုယ့်အလှည့်..

သူ့အလှည့်..ကိုယ့်အလှည့်

ရန်ကုန်မြို့လည်ခေါင် လူရှုပ်တယ်ဆိုတာ ခုမှပဲ လက်တွေ့သိတော့တယ်…. ဖုန်မှုန့််တွေ၊ ကားတွေ၊ လူတွေနဲ့..

အော်.. နယ်တွေနဲ့များ..တစ်ခြားစီ….. အရောင်စုံ၊ ကာလာစုံ နဲ့ သွားလာလှုပ်ရှားနေတာ နေပူပူထဲကိုများ လ သာနေသယောင်….

ကျွန်မလဲ ကိစ္စလေးရှိလို့သာ…… မဖြစ်မနေလာရတာ…

တစ်လတစ်ခေါက်တောင်မရောက်တဲ့ မြို့လည်ခေါင်ကတော့ ကျွန်မအတွက်တော့ အစိမ်းသက်သက်လိုပါပဲ…..။

လက်ထဲက စာရွက်ခေါက်လေးကို ခဏ ထုတ်ကြည့်လိုက်တော့ ကိုယ့်သွားရမယ့် လမ်းကို ရောက်နေတာနဲ့ လမ်းထဲကို ၀င်လိုက်ပါတယ်။ တိုက်ခန်းတွေနဲ့သာ ဖွဲ့စည်းထားတဲ့ ဒီမြို့နယ်ကတော့ ကျွန်မ အလုပ်ရှင်ရဲ့ အိမ် ရှိတဲ့နေရာပါ…။

တတိယထပ် ဆိုပေမယ့် ခပ်မြင့်မြင့်ဆိုတော့လည်း မနည်းကိုတက်လိုက်ရပါတယ်…

လူခေါ်ဘဲလ်လေးကို အသာနှိပ်လိုက်ပြီး… ခဏစောင့်နေလိုက်တော့.. အိမ်ဖော်ကောင်မလေး တံခါးလာဖွင့်ပေးတာနဲ့… ကျွန်မလဲ တိုက်ခန်းထဲကို အသာဝင်လိုက်ပါတယ်….။ နေ့လည် 11 အရောက် မှာထားပေမယ့် ကိုယ်က အလုပ်သမားဆိုတော့ ခပ်စောစောရောက်နှင့်တာပါ…..

အမ ..ခဏ ထိုင်ဦးနော်…

အေးအေး.. ညီမ..

တစ်ယောက်တည်းသာကျန်ခဲ့တဲ့ ဧည့်ခန်းထဲမှာတော့ ကျွန်မက တောင်ကြည့်၊ မြောက်ကြည့်…..

မနေ့ကပြောလိုက်တဲ့စကား အဆင်ပြေပါ့မလား…..ဆရာကရော င့ါကို ယုံပါ့မလား.. ၊ … တစ်ကယ်လို့ အဆင်မပြေခဲ့ရင်ကော….ငါ ဘာဆက်လုပ်ရမလဲ…..။

ဟာ… တော်ပြီ…တော်ပြီ… ငါ..ဘာတွေစဉ်းစားနေတာပါလိမ့်.... ငါက စစ်မရောက်ခင်က မြှားကုန်နေတာလား…

စိုးရိမ်စိတ်နဲ့ တွေးမိသမျှတွေကို ခေါင်းထဲက ဖျောက်ပြစ်လိုက်ရင်း… အသာငြိမ်ပြီး ထိုင်နေလိုက်ပါတယ်…. ဆရာ၊တပည့် ဆိုပေမယ့် ကိုယ်က သူ့အလုပ်သမားမလား..။ ပြီးတော့ ဒီလို အကူအညီတောင်းတဲ့ ကိစ္စက ဆရာတို့မှာ ရာဇ၀င်မရှိဘူးဆိုတာ သိထားလေတော့….. အနည်းငယ်တော့ စိုးရိမ်မိသည်လေ……..

ဟင်း.. ဆရာကလည်း ဘာတွေများလုပ်နေလဲမသိဘူး……

ရှပ်… ရှပ်..

အိမ်ပေါ်ထပ်က ဆင်းလာသံကြောင့် ကျွန်မ မတ်တပ်ရပ်မိလျက်သား ဖြစ်နေပါတယ် ပညာရေးတစ်ပိုင်းတစ်စနဲ့ စီးပွားရေးထဲ နစ်နေတာ……. အသက်ငယ်ပေမယ့် ဆိုင်ပိုင်ရှင်လုပ်နေတဲ့ ကျွန်မဆရာက တစ်ကယ်တော့ လုပ်ငန်းကျွမ်းကျင်ပါတယ်. အသက်ကလည်း သိပ်မကွာတော့ တစ်ချို့စကားတွေဆို သူငယ်ချင်းလိုပြောကြပေမယ့် တစ်ခါတစ်လေကျတော့ အလုပ်ရှင်သဘာဝပြောတာ၊ ဆိုတာတွေတော့ ရှိရတာပေါ့….

“ဟင်…. ဆရာ့အကိုပါလား….”

“သူဇာ… ရောက်နေတာကြာပီလား.. ငါအလုပ် အလုပ်ကိစ္စလေးတွေ များနေလို့… ဆောရီးဟာနော်..

“ရပါတယ်.. ဟို.... အကိုလေးမရှိဘူးလားဟင်.. ”

“အေး…. သူ အပြင်သွားတယ်..နင်လာမယ်လို့တော့ ငါ့ကိုပြောထားခဲ့တယ်…”

“ဟုတ်…. ဒါ…..ဒါဆိုရင်.. သမီးပြောထားတာလေးများ..အဆင်ပြေမလားဟင်…… သမီး တစ်ကယ်ကို ခက်ခဲနေလို့ပါ…..”

တိုးညင်းတဲ့လေသံအချို့က အားမရစရာ…….

ကျွန်မ စကားအဆုံးမှာတော့… … ကျွန်မကို ဘာစကားတစ်ခွန်းတစ်လေမှပြန်မပြောပဲ တခြားဘက်ကိုလှည့်နေတဲ့ ကျွန်မဆရာရဲ့ အကို့ကို ကျွန်မ မင်သက်ပြီးသာ ကြည့်နေရပါတယ်…..

နယ်ကအဖေ နေမကောင်းလို့ လစာငွေလေးကိုကြိုထုတ်ပြီး ပေးချင်လို့ အခုလို အရဲစွန့်ပြီး လာပြောရတာပါ. နောက်ပြီး ကိုယ်ကလည်း ထွက်ပြေးမဲ့သူမှမဟုတ်တာ….. သူ့အလုပ်ကို ဆက်လုပ်မဲ့သူဆိုပြီးတော့……

သိမ်ငယ်ခြင်းများစွာနဲ့ ထိုင်နေရတဲ့ကျွန်မက အဓိပ္ပာယ်အရှိ ကြမ်းပြင်ကိုသာ ငေးနေမိပါတယ် စကားတစ်ခွန်းတစ်လေများ ကြားရမလားလို့ ခဏခဏမော့ကြည့်ပေမယ့် ဘာသံမှမကြား၇တာ အချိန်တော်တော်ကြာနေပီလေ….

တဒိတ်ဒိတ်ရင်အစုံကလည်း အသံစုံကိုထွက်နေတာ….. နှစ်ယောက်တည်းသာရှိနေတဲ့ ဒီဧည့်ခန်းထဲမှာ ကျွန်မ ဘယ်လောက်များ အချိန်ကြာကြာနေရဦးမှာပါလိမ့်…..

“အင်း… ရော့”

ဆုံးဖြတ်ချက်တစ်ခုကို အပြီးသတ်ချလိုက်ပုံနဲ့ လှမ်းပေးလာတဲ့ ငွေတစ်ချို့က ကျွန်မ ရင်ကိုမောစေပါတယ်…. စိတ်မပါတဲ့ အကြည့်တစ်ချို့နဲ့ မယုံသင်္ကာမျက်ဝန်းတွေကြောင့် တစ်ကယ်ပဲ ၀မ်းနည်းရပါတယ်….တုန်ရီနေတဲ့လက်အစုံက လှမ်းယူဖို့ အားမရှိလောက်အောင် မင်သက်နေမိတာတော့ အမှန်ပင်……။

“နင့်ကို ဒါ အပြီးပေးလိုက်တာ…ပြန်ဆပ်စရာလဲမလိုတော့ဘူး..… ပြီးတော့…. ပြန်ဆပ်ပါ့မယ်ဆိုတဲ့ နင်တို့လို စကားကိုလည်း ငါမယုံဘူး…..

နောက်နေ့ကစပြီး နင် အလုပ်လဲ လာစရာမလိုတော့ဘူး………”

“ဟင်..”

ကြားလိုက်ရတဲ့ စကားက ရင်ဝကို ဆောင့်ကန်လိုက်သလိုပါပဲ.. အားအင်ချည့်နဲ့နေသူလို ဘာစကားမှ ပြန်ပြောနိုင်ဘဲ ပြေးထွက်ခဲ့တဲ့ ကျွန်မက တိုက်အောက်ကို ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ပါဘူး…….. ၀မ်းနည်းခြင်းတွေ၊ အားငယ်ခြင်းတွေနဲ့ မခံမရပ်နိုင်ခြင်းတွေနဲ့ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကတော့ …. ပါးပြင်ထက်မှာ စိုလို့…….

ကျလာတဲ့ မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း.. နောက်ဆုံးအဖြစ် 3 လွှာကို မော့ကြည့်လိုက်တော့…. ဖြတ်ကနဲ တွေ့လိုက်ရတဲ့ လူရိပ်က .. အော်.. အကိုလေးရှိသားပဲ…………………

လူဆိုတာ ယုံကြည်ချက်နဲ့ အသက်ရှင်နေတာ..... ဘ၀ကမလှပေမယ့် ဖြူစင်တဲ့ စိတ်ဓါတ်နဲ့ အလုပ် လုပ်နေတယ်ဆိုတာ… သူတို့မသိဘူးထင်ပါရဲ့……….

ပညာနဲ့ဘ၀က ထပ်တူမကျခဲ့တဲ့ သူတို့တွေရဲ့ဘ၀ကို ကျွန်မက သနားပါတယ်လို့သာ…….. ။ ကိုယ်နဲ့မတန်လို့ ကြာကြာ သိခွင့်မရခဲ့တာပဲလို့ .. သဘောထားလိုက်ပါတယ်….။

*****------------*****----------*****----------*****

ဆိုင်တစ်ခုရဲ့ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ရတဲ့ ကျွန်မက တာဝန်တွေပိုများပါတယ်.. မနက်မိုးလင်းလို့ ဆိုင် စ ဖွင့်ကတည်းက အလုပ်နဲ့လက်နဲ့ ပြတ်တယ်လို့ကိုမရှိတာ…. လက်အောင်ငယ်သားတွေကို စနစ်တကျလဲ ခိုင်းရပါသေးတယ်…

အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်လိုပဲ …ခုလဲ သူများကိုခိုင်းရတယ်ဆိုပေမယ့် အပြောမတော်တစ်ခွန်းကလည်း အရေးကြီးလှပါတယ်…

လူတစ်ယောက်ကို စိတ်ဆိုးစိတ်ကောက်အောင် စ ၊ နောက်တာ က သဘာဝမို့ မထိခိုက်ပေမယ့် ။ လူတစ်ယောက်ရဲ့စိတ်ထဲ ၊ ရင်ထဲမှာ နာကျည်းသွားစေမယ့် စကားကို တစ်ခွန်းလောက်မှ မပြောသင့်ဟု ကျွန်မမှတ်ယူထားသည်လေ….

ဘ၀နဲ့ရင်းပြီး သိလာတဲ့အသိတစ်ခုက ကျွန်မအတွက်တော့ အဖိုးတန်တစ်ခုပါ………

လွန်ခဲ့တဲ့ 3 နှစ်လောက်က အသိတရားနဲ့ ခုနဲ့ အများကြီးခြားခဲ့ပြီပေါ့…….. အလုပ်တစ်ဖက်နဲ့ပညာရေးကိုကြိုးစားခဲ့တာမို့လည်း ခုဆို လူရာဝင်ပြီလို့ပြောလို့ရနေပါပြီ…..

ကိုယ့်ကိုသာ အားကိုးနေတဲ့ ဒီဆိုင်လေးမှာ ကြာကြာတော့မလုပ်ချင်.. ကိုယ့်ဘ၀တိုးတက်ရေးအတွက် တခြား ကုမ္မဏီကြီးတွေမှာ အလုပ်ဝင်လိုသည်။ ဘ၀အတွက် တခြားအတွေ့အကြုံလေးတွေရှာဖွေရင်း ပညာရေးကို ဆက်လက်ကြိုးစားချင်သေးသည်။

ပြောင်းရွှေ့မယ်လုပ်တိုင်း ဆိုင်ရှင်အမရဲ့ တားသံတွေက အဆက်မပြတ်၊ ကိုယ့်ကိုသာမက ကိုယ့်မိသားစုကိုပါ ထောက်ပံ့ပေးတဲ့ အမရဲ့စေတနာကို ပြန်လှည့်ကြည့်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်လေ…။

အားနာတတ်တဲ့ ကျွန်မကတော့.. အရုပ်တစ်ရုပ်လိုပါပဲ…

တဖြည်းဖြည်းနဲ့ လုပ်သက်ကလည်းကြာလာတော့ ကိုယ့်သဘောလိုဖြစ်နေတဲ့ ဒီဆိုင်ကလေးကတော့ ကျွန်မကိုတောင် ဆိုင်ရှင်လို့ ထင်ချင်စရာ…….

မိဘကိုလုပ်ကျွေးနေတဲ့ အပျိုကြီး ၂ယောက်ဦးစီးထားတဲ့ ဒီဆိုင်ကို ကျွန်မသူငယ်ချင်းကြောင့် ရောက်လာရတာပါ….. ။

ခပ်ရိုးရိုးအလုပ်သမားဘ၀က တစ်ကယ်တော့ မျက်နှာငယ်ရပါတယ်…. အလုပ်သမားသက်တမ်းတစ်လျောက်လုံး အဆင်ပြေစွာနေလာတဲ့ကျွန်မက အလုပ်ရှင်နဲ့လဲ အဆင်ပြေအောင်နေတတ်ပါတယ်….

နယ်ကလာတာမို့ အပေါင်းအသင်းနည်းပြီး အနေအေးတာမို့လည်း ဆိုင်ပတ်ဝန်းကျင်တွေက ချစ်ခင်ကြပါတယ်..။

လုပ်ငန်းပိုင်းကျွမ်းကျင်မှု့နဲ့ ဆက်ဆံရေးပြေပြစ်မှု့တွေက လူတစ်ယောက်ကို နေရာတစ်ခုတော့ ရစေတာ အမှန်ပါ….

*****----------*****----------

ဟူး…

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း.. စဉ်းစားရခက်တဲ့ အဖြေကို ထိုင်စဉ်းစားနေမိတော့တယ်..

လူချင်းမတူ ကွာခြားတဲ့ ကျွန်မ အလုပ်ရှင် နှစ်ယောက်ကတော့ ဆီနဲ့ရေ….

ကိုယ့်ကို မကူညီလို့ ၊ ကူညီလို့ ထက်…. ပုံစံမတူတဲ့ လူတွေရဲ့ စရိုက်ကို ကြုံမှပဲ သိခွင့်ရတာပါ… ။ ကိုယ် အားကိုးတကြီးနဲ့ အကူအညီလိုတဲ့ အချိန်မှာ တစ်ချို့က ပြောရက်၊ လုပ်ရက်ကြပေမယ့်

ခုလို..

ကျွန်မကို အားကိုးပါတယ်ဆိုပြီး ပြောလာတဲ့ စကားကို ဥပေက္ခာ ပြုရက်ဖို့တော့ ကျွန်မ မစွမ်းဆောင်နိုင်ခဲ့ပါဘူး…..

ကျွန်မလို…အားနာမှုနဲ့…ရှင်သန်နေတဲ့သူတွေ… ခံရတဲ့သူတွေ.. ဘယ်လောက်များရှိနေကြလဲ……

လူတိုင်းလူတိုင်း.. သူ့အလှည့်ပြီးလို့ ကိုယ့်အလှည့်ရောက်လာရင် သေချာစဉ်းစား ဆုံးဖြတ်နိုင်ကြပါစေလို့သာ…….

ကြိုးစားပါဦးမည်

သူဇာလေး

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More