Thursday, December 22, 2011

စာနာတတ်ပါစေ....။


မေမေ… ထမင်းစားမယ်…

ကစားနေရာမှ ဗိုက်ဆာလို့ထင်ပါရဲ့ ပြေးလာတဲ့ သမီးကို ကျွန်မ အသာထွေးပွေ့လိုက်ပါတယ်… ဗိုက်ဆာတာနဲ့ ခဏတောင် မစောင့်တတ်တဲ့ ကျွန်မသမီးလေးကတော့. တစ်ကယ်ပါပဲ…။

“မေမေလက်ဆေးမယ်…”

ခပ်ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ပေးထားတာမို့… ထမင်းစား၊ အိပ်ချိန်တွေဆိုရင်.. သမီးလေးက အကျင့်ဖြစ်နေပါပြီ…။ အဖိုးအဖွားတွေနဲ့ နေရတဲ့ ကလေးတွေက ပိုပြီး စည်းကမ်းတင်းကြပ်ကြရတယ်လေ..။ ကျွန်မတို့ငယ်ငယ်ကတော့ အဖွား ၂ ယောက်ကြားကဆိုတော့… မလူးသာ..မလွန့်သာ..။

“သမီး.. မေမေ ခွံပေးရမလား…ကိုယ့်ဘာသာစားမလား..”

”ဟင့်အင်း..”

သမီးကခေါင်းခါပြလိုက်ရင်း…. သူထမင်းစားနေကျ နေရာလေးမှာ သွားထိုင်လိုက်ပါတယ်… ဒါဆို ကျွန်မ သဘောပေါက်လောက်ရောပေါ့… သမီးက သူ့ဘာသာစားမယ်လို့……။

“သမီးလေး… အောက်တွေမကျစေနဲ့နော်…”သတိပေးနေကျစကားလေးကိုပဲ ကျွန်မ ထပ်ပြီး သတိပေးမိပါတယ်…။

ရပ်ကွက်တစ်ခုမှာကြီးပြင်းတဲ့ ကလေးတွေကတော့ ကစားချိန်နဲ့ စားချိန်က ပုံမှန်လို့ ဆိုချင်ပါတယ်.. ကစားနေရာကနေ တစ်ယောက်ယောက်ထွက်သွားပြီး ထမင်းစားမယ်ဆိုတာနဲ့ ကျန်တဲ့ ကလေးတွေလည်း အသီးသီး အိမ်ပြန်တော့တာပဲ… နေ့ခင်း 10 နာရီခွဲ 11 ဆိုရင်တော့.. ဒါဟာ ကလေးများ ထမင်းစားချိန်လို့ ပြောရလောက်အောင် လမ်းပေါ်တွေမှာ ခဏတာ ရှင်းသွားတတ်သည်လေ…

အိမ်တစ်အိမ်နဲ့ တစ်အိမ် ကပ်နေတာမို့လည်း သူ့အိမ်၊ ကိုယ့်အိမ် အိမ်ထဲကနေတောင် စကားလှမ်းပြော ရနေတာ… ပြီးတော့ တိုက်ခံအိမ်က ရှားသည်လေ…။ ကိုယ့်ခြံကိုယ့်ဝင်းနဲ့ဆိုပေမယ့်.. ပေ 20 အကျယ်ကတော့ ကလေးတွေတွက် ကျဉ်းနေဦးမှာပါ….။ အဲ့ဒါကြောင့်လည်း အိမ်ရှေ့အသီးသီးက လမ်းတွေပေါ်မှာ ကလေးတွေ စုပြီး ကစားနေကြရတာ….။

သမီးထမင်းစားနေတာကိုကြည့်နေရင်း… တွေးမိတဲ့အတွေးလေးများကတော့ အသံတစ်သံကြောင့် ပြတ်သွားရပါတယ်…

ဒါကတော့ ထုံးစံ လိုပါပဲ.. ခေါင်းရင်းအိမ်က ကိုသိန်းပါ..။ ယောင်္ကျားတန်မဲ့ အိုးသူကြီးလုပ်နေရတဲ့သူ့ကတော့ အိမ်ရှင်ထီးဆိုလည်းမမှားပါဘူး…။ မိန်းမမရှိတဲ့နောက်ပိုင်း.. ကိုယ်တိုင်ဝယ်၊ ချက်၊ အလုပ်လဲသွားနဲ့ ကလေး 4ယောက်လုံးကို ထိန်းနေရသည်လေ..။

ကိုသိန်းအလုပ်ကလည်း ရပ်ကွက်ထဲမှာပဲမို့ ထမင်းစားချိန်ဆို ကလေးတွေကော… ကိုသိန်းပါ.. အတူတူဆိုတော့ အသံတွေကို ဆူလို့…..။

နင်..စားမလား မစားဘူးလား….ငါမေးနေတာဖြေလေ…. ဖြေလေ… တယ်….

အား… အီး..ဟီး…

ပြော..ပါးစပ်ကပြော…. ပြော….

အကြီးကောင် ပေးစမ်း ငါ့ကို တံမျက်စည်း…… ဘာလဲ…ဒီမှာတော့ မိုးလင်းထဲက သူတို့တွက်လုပ်ရကိုင်ရနဲ့ နား၇တယ်လို့ကိုမရှိဘူး…

ဟိုဟာ မစားချင်ဘူး.. ဒီဟာ မစားချင်ဘူး…. နင်တို့ရှာစာ ဘယ်နှပြားရှိလို့လဲ….

ရွှန်း…

အား..ကြောက်ပါပြီ ဖေကြီးရဲ့…အီး……..။

ကိုသိန်းသမီးလေး အငယ်ဆုံးမကို… ရိုက်နေခြင်းပါ.. အခြေအနေကို ကျွန်မကလည်း အကုန်ကြားနေတာမို့…. ကိုယ်ကကြားထဲကမနေနိုင်….. ကလေးမစားချင်တာကို.. မစားရကောင်းမလားဆိုပြီး.. ရိုက်ကျွေးနေခြင်းပါ….။

တစ်ခါတစ်လေများကျတော့ ကျွန်မတို့ မိဘတွေက စိတ်ညစ်ရပါတယ်.. တစ်ယောက်က ဟိုဟာမစား.. ဒီဟာမစားနဲ့.. လူလေး 5ယောက်ကို 4 မျိုးလောက်ချက်နေရတာ… ဈေးထဲသွားလို့ ဘာဝယ်ရမှန်းမသိဘဲ လှည့်ပြန်လာရတာလဲ မနည်းတော့ပါဘူး…..။

မေမေ ဒါ မစားချင်ဘူး..ဆိုပြီး ပန်းကန်ထိုးပေးလာရင်…. ကျွန်မဘာလုပ်ရမလဲ.. မိဘပဲ..မနေနိုင်ဘူးလေ… ဒါမစားတော့လဲ တခြားပေါ့….။ တစ်ခါတစ်လေများကျတော့ ချော့ကျွေးရတာမျိုးလဲရှိတယ်လေ…။ ငယ်ရွယ်တဲ့ကလေးတွေဆိုတော့လည်း… ဘယ်နားလည်ပေးနိုင်ပါ့မလဲ…။

ကဲ…ကဲ..တော်ပါပြီ ကိုသိန်းရယ်….

လာ..လာ သမီးလာ..

ကျွန်မသမီးလေးထက် ၂ နှစ်လောက်ကြီးတဲ့ ဒီကောင်မလေးကို ကျွန်မသာမက အိမ်နီးနားချင်းတွေက ချစ်ကြပါတယ်။ အမေမရှိဘဲ ကြီးပြင်းခဲ့ရတဲ့ကလေးမလား….. ။

ကလေးကိုပဲ ကျွန်မကောက်ချီလာခဲ့ရပါတယ်.. ကျန်တဲ့ကလေးသုံးယောက်ကတော့ စားချင်လည်းစား..မစားချင်လည်းစား….. ပန်းကန်ထဲက ထမင်းဟင်းထက်..ကိုသိန်းလက်ထဲက တံမျက်စည်းကို တော့ ပိုကြောက်ရတာပေါ့….။….

“အေး..….. မင်းတို့လဲ ကြပ်ကြပ်သတိထားနေ…. နောက်တစ်ခါ ဟိုဟာမစားဘူး.. ဒီဟာမစားဘူး..ဆိုလို့ကတော့ သိတယ်မလား.. ဒါကိုကြည့်ထား…ကြားလား…”

ကိုသိန်းတို့အိမ်ကတော့ခဏတာမျှ တိတ်ဆိတ်လို့သွားပါတယ်.. စကားပြောလည်း အကျယ်ကြီးမို့.. ခြေရင်း၊ ခေါင်းရင်းကတော့.. မသိမရှိ…..။

ဒီအဖြစ်အပျက်ကြောင့် လူကြီးကို အပြစ်တင်ရမလား..၊ ကလေးကို အတင်းကျွေးရမလား…..

မပြည့်စုံတဲ့ဘ၀တွေက.. ဒီလိုပါပဲ….. ဒါပေမယ့်လည်း….ပေါ့။

ငယ်ငယ်ကတည်းက ခြေလေးချောင်း၊ အသားနဲ့ ငါး တွေမစားတဲ့အဖေရယ်… အသီးအရွက်မစားတဲ့ မောင်ရယ်… ပဲ အမျိုးမျိုးမစားတဲ့ အမေရယ်….. ကျွန်မကိုယ်တိုင်ကလည်း ငယ်ငယကတည်းကမစားတဲ့ဟင်းတွေများတဲ့သူဆိုတော့…(ဟင်းစားချေးများတာမို့)…. ကိုယ်နဲ့ဘ၀တူတွေဆိုရင်တော့…. ကိုယ်ချင်းစာတတ်နေပါပြီ…. ။

ကဲ..စာဖတ်သူတွေကော…. ကလေးတွေကို စာနာပေးနိုင်ပါ့မလား……ဟင်…။

1 comments:

တကယ်ကောင်းတဲ့ဘလော့လေးပါ။စာနာပါတယ်ဗျာ။ကျွန်တော်ငယ်ငယ်တုန်းကလဲ ဂျစ်ကပ်ကပ်လုပ်လွန်းလို့
မာမီခဏတိုင်း တွယ်တာကိုသိတိရတယ် ဟဲဟဲ...

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More