Thursday, December 1, 2011

ကူညီတတ်တဲ့ စိတ်ကလေး.....

ကူညီတတ်တဲ့ စိတ်ကလေး….

“အမေ..သမီးသွားပြီနော်…အေးအေး….”
ဒီနေ့ သူဇာတို့ အလုပ်နားသည်… ပိတ်ရက်ရ၍တော့မဟုတ်ပါ… ဧည့်သည်သွားကြိုမည်အကြောင်းပြ၍သာ…အမှန်ဆို သွားမကြိုလည်းရသည်လေ…ဒါပေမယ့် အလုပ်နဲ့အိမ်နဲ့ပဲ သွားနေရတာမို့ တခြားနေရာကိုလည်း သွားချင်စိတ်ရှိနေတာနဲ့ပဲ…မိမိဘာသာသွားကြိုခြင်းတာဝန်ကို ၀မ်းသာအားရနဲ့ ယူလိုက်ခြင်းပင်…..
လမ်းထိပ်ကပဲစီးရတဲ့ ရွှေဧည့်သည်ကားကိုတော့ အဝေးပြေးရောက်တဲ့အထိ တညောင်းစီးရတာ… ၁နာရီခွဲလောက် အသာလေးစီးရတယ်လေ… ပုံမှန်သွားနေကြ လမ်းမဟုတ်တာမို့ လမ်းဘေးဝဲယာကတော့ ကျွန်မအတွက် အမြင်သစ် ဖြစ်လို့နေပါတယ်… ကိစ္စ အ၀၀နဲ့ သွာလာနေကြတဲ့ လူတွေကလည်း နေ့စဉ်နဲ့အမျှ မဟုတ်လား…
နယ်ကနေအလည်လာကြမဲ့ မောင်နှမနှစ်ယောက်ကိုတော့ ကျွန်မက မမြင်ဖူးသေးပါ.. မောင်နှမတွေတော်ပေမယ့်လည်း အနေဝေးတာမို့ မဆက်စပ်မိကြခြင်းပါ..။ ကျွန်မတို့ရဲ့ ဓါတ်ပုံတွေကိုတော့ သူတို့က မြင်ဖူးကြတယ်တဲ့လေ..။ ကိုယ်နဲ့ မသိ၊ မမြင်ဖူးတဲ့သူ့ကို သွားကြိုရပေမယ့်လည်း အချိန်၊ နေရာနဲ့ စီးလာမယ့် ကားနံမည်ပါ အတိအကျမို့.. စိတ်ပူစရာတော့ မရှိပါလေ… ပြီးတော့ ကိုယ်ကလည်း ကြိုရောက်နေမှာဆိုတော့….။
***** ***** *****
မနက် ၂ နာရီကတည်းက ထ လာပြီး ကားစီးလာရတာမို့ မောင်တိုးတစ်ယောက်တော့ မျက်စိတွေစပ်နေပြီလေ… ကားစီးကျင့်ကလည်းမရှိ။ လူကလည်း ပျော့နွဲ့နွဲ့.. ။
ခပ်စောစောဆိုတော့ ရွာကားဂိတ်ကတည်းက ဘာမှမစားလာရသေးတော့ ဗိုက်ကလည်း သေလုအောင်ကို အော်နေတာ.. လမ်းမှာ ကားကခဏနားတော့ စားချင်စိတ်မရှိတာနဲ့ ဘာမှမစားခဲ့တာကလည်း. ခုတော့ နောင်တ ရချင်သလိုလို….. ခံတွင်းက ချဉ်လာတော့ ဟိုနှိုက် ဒီနှိုက်နဲ့ လိုက်ရှာရင်း.. ညကအမှတ်တမဲ့ ထည့်ခဲ့တဲ့ ချိုချဉ်လေးတစ်လုံးကြောင့်သာ….အနည်းငယ် သက်သာရာရသွားသလိုပါပဲ….
“ အကို. အကို.. ရောက်ပီခင်ဗျ..” “ ဟင် “
ရုတ်တရက်ကြားလိုက်ရတဲ့ ကားစပယ်ရာလေးရဲ့ စကားကြောင့် မောင်တိုးတစ်ယောက် အိပ်ပျော်နေရာမှ လန့်လို့ သွားပါတယ်…ရင်ထဲက စိုးရိမ်စိတ်နဲ့အတူ ကမန်းကတန်းမေးလိုက်ရင်း……
“ ဒါက ဘယ်နေရာကလဲဗျ”… “ ဗျာ.. ဒါက လှိုင်သာယာအဝေးပြေးလေ…”
“ဟာ.. ဒါတော့ ငါလည်းသိတာပေါ့ကွ… ဒါနဲ့.. ဘာလို့ ငါတစ်ယောက်တည်းရှိနေတာလဲ…”
“ခရီးသည်တွေဆင်းတဲ့နေရာမှာ အားလုံးဆင်းသွားကြပီလေ.. အကိုက မဆင်းပဲ ပါလာတာလေ.. ခုက ကားနားတဲ့နေရာကို ရောက်နေပြီ…”
“ သွားပြီ.. သွားပြီ … ”
ပါးစပ်ကလည်းပြော… လူကလည်း မပြေးရုံတမယ်နဲ့ကို ဆင်းလာရပါတော့တယ်… ရွာမှာကတည်းက အမေနဲ့ အဘက အထပ်ထပ်မှာလိုက်တာ… ခရီးသည်တွေဆင်းတဲ့နေရာမှာဆင်း… အဲ့မှာ နားနေဆောင်မှာစောင့်.. အင်း..ခုတော့..ခုတော့..
***** ****** *****
အဝေးကတည်းက ကျွန်မဧည်သည်ပါလာမယ့်ကားကို လှမ်းမြင်ရတာကြောင့် ခပ်သွက်သွက်ကလေး ကားနားကို လှမ်းသွားမိပါတယ်… ခရီးသည်တွေတစ်ယောက်ပြီးတစ်ယောက်သာဆင်းလာတာ.. ကျွန်မရဲ့ ဧည့်သည် မောင်နှမကတော့ ပါမလာ… ကားချိန်များမှားလားဆိုတော့လည်း.. ဒီချိန် ဒီကားကလည်း တစ်စီးတည်းသာရှိတာ.... ဝေခွဲမရ စိတ်နဲ့အတူ.. ကားထွက်သွားတာတောင် အတင်းပဲလိုက်ကြည့်မိပါသေးတယ်…ကားပေါ်မှာလူရိပ်ဆိုလို့.. ကားစပယ်ယာလေးပဲမြင်မိတယ်လေ…
အတန်ကြာအောင်စောင့်နေရင်းက မဖြစ်သေးပါဘူးလေဆိုပြီး.. ကားဂိတ်ကိုသွားမေးရပါတော့တယ်… စီးလာတဲ့ လူစာရင်းကို တစ်ချက်လောက်ကြည့်ပါရစေဆိုပြီးခွင့်တောင်းကာ ယူကြည့်တော့လဲ နှစ်ယောက်တွဲလက်မှတ်ဖြတ်တာကိုက..မပါ…
“ဟင်း….“
သက်ပြင်းအရှည်ကြီးသာ အားရပါးရ ချလိုက်ရပါတော့တယ်….. ဒီလိုအခြေအနေမှ ကျွန်မ ဘာလုပ်ရမလဲ… အိမ်ကိုဖုန်းဆက်ရင်လည်း မရောက်လောက်သေး… ဆက်စောင့်ရဖို့လဲ… ကားဝင်ချိန်က ကုန်ပီ… ရွာကိုလည်း ဖုန်းဆက်လို့ရသည်ကမဟုတ်….
ကားလက်မှတ်ကောင်တာနားမှာပဲထိုင်နေတာ..ပုံမှန်ထက် တစ်နာရီကျော်လောက်ကြာနေပီဆိုတော့.. အိမ်က အမေတို့လည်း စိတ်ပူနေမှာမို့.. ကျွန်မ အိမ်ကိုပြန်ဖို့သာ ဆုံးဖြတ်လိုက်ရပါတယ်.. အိမ်ကိုပြန်စီးရမည့် ရွှေဧည့်သည် ကားဂိတ်ကလည်း နီးနီးလေးမို့တော်သေးသည်. တခြားကားတွေဆို ခပ်ဝေးဝေးထိ ပြန်လျောက်ရရင်တော့ မလွယ်….
“ထိုင်မယ်နော်..အမ.”
ပြတင်းပေါက်ဘက်ကို ငေးနေရာမှ အသံကြားလို့ လှည့်ကြည့်လိုက်တော့… တောသားလူရွယ်တစ်ယောက်..ထိုင်ခုံ ကလည်း ကျွန်မတစ်ခုံသာ လွတ်တာမို့ လာထိုင်ရင်းခွင့်တောင်းခြင်းဖြစ်သည်… နယ်ကမှန်းသိသာလိုက်တာ.ဟုသာ……
လွယ်ထားတဲ့အိတ်ထဲမှာတော့ ပစ္စည်းတွေက ပြည့်ဖောင်းလို့နေပါတယ်.. လက်ကဆွဲထားတဲ့ ဆွဲခြင်းထဲမှာလည်း ဘာတွေမှန်းမသိတဲ့ ပစ္စည်းတွေက အစီအရီမရှိ.. လူတစ်ယောက်စာထိုင်ခုံလေးမှာတော့ သူ့ပစ္စည်းတွေနဲ့သူနဲ့ကတော့ ကြည့်ရဆိုးရလောက်အောင် ပုံစံက မကျဖြစ်နေသည်လေ..
ခဏခဏ ပျို့အန်ချင်သလိုဖြစ်နေတဲ့သူ့ကို ကျွန်မ စိတ်မသက်သာစွာကြည့်လိုက်ရင်း..ဘာလေးများကူရမလဲလို့ စကားစလိုက်ရပါတယ်.. နေရာချင်းပဲလဲပေးရမလား.. တစ်ရှုးပဲထုတ်ပေးရမလား..ကျွတ်ကျွတ်အိပ်ပဲတောင်းပေးရမလား..
“ဝေါ့…”
ဟဲ့..နေဦး.နေဦး. စပယ်ယာ… အိတ်ရှိရင် တစ်လုံးလောက်ပေး… ”
“ရော့ ရော့ ဒီမှာ.. ဒီထဲကို အန်ထည့်….”
ပြောလည်းပြော လက်ကလဲလှမ်းပေးလိုက်ရင်း… ကျွန်မ နေရာချင်းလည်း လဲပေးလိုက်ရပါတယ်.. သူတော့ ဘယ်ထိသွားမလဲမသိ. ကျွန်မက ဂိတ်ဆုံးနားမို့ ခရီးကတော့ အတော်ကလေးကို စီးရပါတယ်.. ကားမမူးတတ်တဲ့ သူဆိုတော်သေး….
“ဘယ်လိုလဲ..သက်သာလား….” “အင်း… ကျေးဇူးအမ..”
ကျွန်မကျွေးတဲ့ ပူရှိန်းသကြားလုံးကို ပါးစပ်ထဲအတင်းထည့်ရင်း… ကျေးဇူးတင်တဲ့အကြည့်နဲ့ ပြန်ကြည့်လာတဲ့ အဲ့ကောင်လေးကတော့ ကျွန်မမောင်အရွယ်သာ… ခပ်နုံနုံလေးမို့လဲ..ကျွန်က စကားပြန်ပြောရဲသည်သာ…. တစ်ချို့များတော့…မပြောရဲပေါင်…….
ကားစီးရင်းနဲ့တော့ စကားတစ်လုံးမှ မပြောကြတော့ပေမယ့် သူလဲသူ့အတွေးနဲ့သူ..ကျွန်မလဲ လာကြိုတာလွဲနေတဲ့ စိုးရိမ်စိတ်ကလည်း မပျောက်တပျောက်မို့… ခပ်မဆိတ်သာ နေလိုက်ပါတယ်..
ကျွန်မဆင်းရမဲ့ မှတ်တိုင်က နီးလာပြီမို့ ကျွန်မလဲ သူ့ကိုလှမ်းမေးလိုက်ပါတယ်.
“ဘယ်မှာဆင်းမှာလဲမောင်လေး....
မသိဘူးအမ..ရှာရဦးမှာ….
ဟယ်.. နင့်ဟာကလည်း ..ရန်ကုန်ကိုဘာများထင်နေလည်း.. လိပ်စာမပါဘူးလား…
ပါတယ် ဘယ်နားရောက်နေမှန်းမသိတာ.. ပီးတော့ လာကြိုတဲ့သူနဲ့ လွဲနေတာ… ကျွန်တော်က ခုမှ စ ရောက်ဖူးတာ…အဲဒါကြောင့် ကားကို ဂိတ်ဆုံးထိ စီးသွားမလားလို့…
ဟဲ့…. ဂိတ်ဆုံးထိမစီးနဲ့လေ…နင်သွားမဲ့နေရာနဲ့ ဝေးနေရင် နင်ပဲ ဒုက္ခရောက်မှာလေ.. ရှာ…ခုရှာ လိပ်စာကို….
ကျွန်မကို ကြောက်၍ပဲလား.. အားကိုး၍ပဲလားတော့မသိ… ရှိသမျှ အိတ်တွေအကုန် လိုက်နှိုက်ကြည့်တော့မှ စာရွက်လေးတစ်ရွက် ထွက်လို့လာပါတယ်..
ပေး င့ါကို…..သူ့လိပ်စာကိုကြည့်လိုက်တော့…..
“ဟင်”………“ကဲဟယ်..” ငါ နင့်အမဟဲ့….
ကျွန်မ အံ့သြခြင်း ၀မ်းသာခြင်းနဲ့အတူ ခေါင်းကို ခပ်နာနာလေး ပိတ်ခေါက်ပစ်လိုက်ပါတယ်…. ဘုမသိ၊ ဘမသိ နဲ့ သူတော့ တော်တော်လေး နာသွားမည့်ပုံ….
“ကျွီ….”
ရုတ်တရက် ကားရပ်လိုက်သံကြောင့်… ကျွန်မလဲ အပြင်ကို ကြည့်မိတော့…
“ ဟဲ့….လာ…လာ.. ဆင်းမယ်…. မြန်မြန်…”
ကျွန်မတို့နှစ်ယောက်ကိုတော့ ကားပေါ်ကလူတွေ ဘယ်လိုထင်ကြမည်မသိ…မျက်စိနောက်တော့ သက်သာသွားမည့်ပုံ…. တော်သေးတာပေါ့နော်… အိမ်ကို ဧည့်သည်ပါလာလို့…… အိမ်ထိ လမ်းတစ်လျောက်မှာတော့ နှစ်ဦးသားလွဲနေပုံကတော့ ပြောမဆုံးဖြစ်တော့မည်…..

ဘာပဲဖြစ်ဖြစ် ကူညီတတ်တဲ့ ကျွန်မရဲ့ စိတ်ကလေးကိုတော့ ကျေးဇူးတင်နေမှာပါ…..



ကြိုးစားပါဦးမည်…

2 comments:

နယ်ကလူတွေမို့ ကူညီတတ်တဲ့ စိတ် ပိုရှိကြတာများလားးး ဘာပဲပြောပြော စေတနာဟာ တူသော အကျိုးပေးပါတယ်။ လာလည်သွားပါတယ်နော်...

ဖတ်သွားတယ်နော် ညီမလေး

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More