Saturday, December 17, 2011

နွားနို့မှ ထုတ်လုပ်မည့်ပိုးချည်

နွားနို့်မှ ထုတ်လုပ်မည့် ပိုးချည်

လူတို့ ၀တ်ဆင်သော ပိုးထည်များယက်လုပ်ရန်အတွက် ပိုးချည်လိုပါသည်။ ထို့ကြောင့် ပိုးချည်ထုတ်လုပ်မည့် အကောင်ငယ်များကို မွေးမြူပြီးနောက် ရေးနွေးဆူဆူတွင် ထည့်ပြုတ်ကာ ပိုးချည်ကို ရယူကြရပါသည်။ ယခုမူဤသို့ ရက်ရက်စက်စက် ပြုလုပ်ရန်မလိုတော့ပါ။

အနာဂတ်ကာလတွင် ပိုးချည်ကိုနွားနို့မှနေ၍ ထုတ်ယူပါတော့မည်။ဤနည်းလမ်းကို ကြံဆသူမှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့မှ အဏုဇီဝဗေဒပညာရှင်တစ်ဦးဖြစ်ပါသည်။ သူသည် နွားနို့တွင် ပါဝင်သော အသားဓာတ်(protein) နေ၍ သဘာဝပစ္စည်းဖြစ်သော၊ သဘာဝပတ်ဝန်းကျင်နှင့်လည်း သဟဇာတဖြစ်သော အမျှင်တစ်မျိုးကို ပြုလုပ်နိုင်ခဲ့သည်။

ထိုအမျှင်သည် စက်မှုလုပ်ငန်းတွင် အသုံးပြုနိုင်လောက်အောင် ခိုင်ခန့်ကောင်းမွန်ပါသည်။ ထို့ကြောင့် နွားနို့မှရသော အမျှင်သည် 2011ခုနှစ် ဇူလိုင်လတွင် ပြုလုပ်သော ဘာလင်ဖက်ရှင် ရက်သတ္တပတ်အစီအစဉ်တွင် တီထွင်ဆန်းသစ်ဆုကို ရရှိခဲ့ပါသည်။ တီထွင်ဖန်တီးသူ Damaske ၏ အဆိုအရ ယင်းအမျှင်ဓာတ်ထုတ်ယူရန် အရေးပါသောနွားနို့တွင်းမှ ပစ္စည်းမှာကေဆိန်း(Casein)ဟုသိရပါသည်။

နွားနို့၊ဆိတ်နို့၊သိုးနို့ စသည်တို့တွင် ကေဆိန်းဓာတ်ပါဝင်ပြီး ယင်းသည် အသားဓာတ်တစ်မျိုးဖြစ်ပါသည်။ ကေဆိန်းကို စက်မှုလုပ်ငန်းသုံးကော်၊ သုတ်ဆေးနှင့် အစားအစာများပြုပြင် ထုတ်လုပ်ရာတွင် တွဲကပ်စေသော ပစ္စည်းအဖြစ် ထုတ်လုပ်ပါသည်။ သို့သော် နွားနို့တွင်းရှိ ကေဆိန်း၏ ထူးခြားချက်မှာ ပိုးချည်ကဲ့သို့သော အမျှင်မျိုးကို ထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။

ဆိတ်နို့နှင့် သိုးနို့တို့တွင် ယင်းကဲ့သို့သော အစွမ်းသတ္တိမျိုးမရှိပါ။ Domaske သည်နွားနို့မှ Casein biopolymer တို့အား သီးသန့် တီထွင်ထားသော နည်းလမ်းတစ်ခုဖြင့် ဖိုင်ဘာအမျှင်များအဖြစ်သို့ပြောင်းလဲယူပါသည်။ အဆိုပါ ဖိုင်ဘာမျှင်တို့အား ၀ါချည်သို့မဟုတ် အခြားဖန်တီးချည်တစ်ခုခုဖြင့် ရောစပ်ပြီး အထည်များယက်လုပ်နိုင်ပါသည်။

သူ့ချည်းအထည်ယက်လုပ်လျှင်မူ ပိုးချည်ကဲ့သို့ နူးညံ့ပျော့ပြောင်းပြီး တောက်ပြောင်သောအထည်မျိုးကို ရရှိပါမည်။ ဤအထည်ကို ၀တ်ဆင်ရာတွင် ခန္ဓာကိုယ်အသားအရေနှင့် မတည့်မှု (Allergic) မဖြစ်နိုင်ပါ။

သက်တမ်းကုန်လျှင် သဘာဝနည်းလမ်းအတိုင်း ပျက်စီးနိုင်စွမ်းလည်းရှိပါသည်။ လောလောဆယ်တွင် ဈေးနှုန်းကြီးမြင့်နေသေးသဖြင့် ချည်ထည်နှင့် သိုးမွေးထည်များကဲ့သို့ အများဆုံး မဖြစ်နိုင်သော်လည်း နာမည်ကျော် အနုပညာရှင်များအသုံးပြုသည့် အ၀တ်အထည်များအဖြစ် ဖန်တီးနိုင်မည်ဟု Domaske ကမျှော်လင့်ထားပါသည်။ ထို့အပြင် နွားနို့မှရမည့် ပိုးချည်ကို အခြားအသုံးပြုနိုင်သည့် နေရာများလည်းရှိပါသေးသည်။ ယင်းတို့မှာ ဆေးရုံသုံးမွေ့ယာစွပ်များနှင့် ကားအတွင်းအခင်းများ ပြုလုပ်ရန်ဖြစ်ပါသည်။ နွားနို့မှ နေ၍ ပိုးချည်ထုတ်လုပ်ရာတွင် ဓာတုပစ္စည်း(သို့မဟုတ်) ပိုးသတ်ဆေးအသုံးပြုရန် လုံးဝမလိုအပ်ခြင်းမှာလည်း ထူးခြားချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။

ဧဧသက်(Mobile Guide ဂျာနယ်မှ)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More