Monday, October 24, 2011

ညားသူတိုင်းလဲ ချစ်ကြပါစေ

ညားသူတိုင်းလဲ ချစ်ကြပါစေ…..

နွေနေ့ခင်းရဲ့ သိပ်မပြင်းတဲ့ အပူချိန်အောက်မှာ လှုပ်ရှားရုန်းကန်နေတဲ့ ဘ၀တွေက မျိုးစုံပါပဲ……. နေရေးထက် သေရေးခက် ဆိုပေမယ့် လောလောဆယ်တော့ စားဝတ်နေရေးက ပိုပြီးအရေးကြီးပါတယ်……

အဆင့်မြင့် တိုက်ခန်းကြီးတွေထဲမှာ အလုပ်လုပ်နေရတဲ့ ဘ၀တွေက လူနည်းစုပဲဖြစ်မှာပါ…… ရန်ကုန်မြို့ရဲ့ နေရာတော်တော်များမှာတော့ များပြားလှတဲ့ အလုပ်သမားတွေက နေရာ ယူလို့နေပါတယ်….

အလုပ်ပိတ်ရက်လေးမို့…. မြို့ထဲကို ဘာလေးများ လျောက်ကြည့်မလဲဆိုပြီး…. ထွက်လာခဲ့တာ…. တွေးရင်းတွေးရင်းနဲ့.. ဆူးလေ ဘုရားနားကိုတောင် ရောက်နေပြီလေ…. ဆိုင်ခန်းလေးတွေ၊ မုန့်ဆိုင်လေးတွေ ၊ အထမ်းသည်လေးတွေ … အို….. စုံ နေတာပါပဲ……

ဆူးလေမီးပွိုင့်နဲ့ လမ်းဆုံကလည်း မြို့လည်ခေါင်ရဲ့ အလှတရားပါပဲ… ခုံးကျော်တံတားကနေ ကူးမယ်ဆိုပြီး… တံတားပေါ်ကို.. ကျွန်မ တက်လိုက်ပါတယ်… နေ့စဉ်သွားလာနေကျ မဟုတ်တော့လဲ …လှေကားလေးတက်တာ တောင် ကျွန်မ ခန္ဓာကိုယ်က ညောင်းချင်ချင်….. အော်… များလိုက်တဲ့…လူတွေ…..

“ဟဲ့…နင်….နင်.. သူဇာမလား…”

အသံကော လက်ပါ ပါလာတာမို့ နောက်ကို ချက်ချင်းလှည့်လိုက်မိပါတယ်…. ကျွန်မအရွယ်နဲ့ တန်းတူလောက်ပါပဲ… အသံနဲ့ ရုပ်ကို မနည်းဖမ်းယူနေတာတောင်…. ကျွန်မ…

“ဟဲ့..ငါ..သီတာလေ…”

“ဟင်….သီတာ….သူငယ်ချင်း ”

“ဟယ် နင်ကလည်း ဘာလို့မျက်ရည်က ကျရပြန်တာလဲ… လာလာ ..ငါတို့ ဆိုင်တခုခုကို သွားရအောင်..”

“အေး..အေး..”

“နင်ဘယ်လိုတွေဖြစ်သွားတာလဲ…သီတာရယ်…. ငါ့ကိုပြောစမ်းပါဦး… ဘာလို့ငါ့ကို အဆက်အသွယ်ဖြတ်ထား၇တာလဲ….”

“အေး…မပြောချင်တော့ပါဘူးဟယ်.ငါလဲ.. …ဘယ်သူမှကို အသိမပေးပဲ ငါနေနေတာ…

ဘ၀ ဆိုတာ….ဘာလဲဆိုတာ… ခုတော့ ငါတော်တော့်ကို သိသွားပီ… ”

“အေးပါ.. ဒါတွေထားပါဦး.. နင့်ယောင်္ကျားကော…”

“ကွဲသွားပြီလေ……ကလေးတစ်ယောက်ပဲ အဖတ်တင်တယ်…”

“ဟယ်… ဘယ်လိုတွေဖြစ်ကြတာလဲ…”

“ဘာလဲ နင်က ထူးဆန်းနေလို့လား…မအံ့သြပါနဲ့ သူငယ်ချင်းရယ်.. … ဖြစ်ချင်တန်လို့ဖြစ်တယ်လို့ပဲ သဘောထားပါတယ်…”

မသိမသာတုန်ရင်လာတဲ့ သူ့အသံတွေထက် သူ့မျက်ဝန်းတွေကို ကျွန်မ နားလည်ခဲ့ပါတယ်… ခပ်ဝေးဝေးကို အဓိပ္ပာယ်မဲ့စွာကြည့်နေတဲ့သီတာ့ကိုတော့…ကျွန်မ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့်ပေးရပါ့မလဲ…….

ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလတ်ဘ၀ရောက်နေတဲ့ သီတာက လောကကြီးကို နားလည်တတ်နေပါပြီ။…… တက်စွမ်းသလောက် အားအင်တွေနဲ့ မိခင်ပီသဖို့လဲ ကြိုစားနေဆဲပေါ့……

အော်…………အရာရာဟာ ပြောင်းလဲကုန်ပါရောလား….

***** ***** *****

“သီတာ… သီတာ…”

ကျွန်မခေါ်သံ အဆုံးမှာတော့.. ကလေးငယ်လေးတစ်ယောက်ပြေးထွက်လာပြီး..ကျွန်မကို မျက်လုံးစိမ်း များနဲ့ကြည့်ကာ အိမ်ထဲကို ပြန်ဝင်သွားပါတယ်… ခဏကြာတော့…

“သူငယ်ချင်း..လာလေ…ဟယ်… ၀င်သာလာခဲ့..”

ချောင်ကျတဲ့ရပ်ကွက်တစ်ခုမှာ အိမ်ငှားနေတာမို့.. ပတ်ဝန်းကျင်ကတော့ အားရစရာမရှိပါ…. တဲစုပ်ကလေးတွေနဲ့သာ ၀န်းရံထားတာမို့.. လူနေမှုအဆင့်အတန်းကလဲ… ခပ်နိမ့်နိမ့်ရယ်…. သီတာက လုံးချင်းလေးမို့ တော်သေးတယ်လို့ပြောရပါ့မယ်… ယိုင်နဲ့နဲ့ခြံလေးမှာတော့ ကျိုးတိုးကျဲတဲ အပင်းလေးတွေနဲ့….. မိုးတွင်းဆို..ရေက၀င်မည့်ပုံ…..ဟင်း….. လမ်းမဘက်နဲ့ နီးတာမို့တော်သေးသည်..

“ဟဲ့..နင်..ဘာတွေတွေးနေတာလဲ..” ” ဘာမှမဟုတ်ပါဘူးဟ… ”

“စား..သူငယ်ချင်း… စားလဲစား…ငါပြောတာလဲ…နားထောင်..” ”အေးပါဟာ…”

“ ငါ့ကို အိမ်ကပေးစားတာလေ….. သူတို့ဘက်ကတောင်းတာ ဆိုပါတော့….. မင်္ဂလာဆောင်ပြီး.. တစ်နှစ်လောက်ထိက အဆင်ပြေတယ်ဟ… နောက်ပိုင်းတော့ ဖောက်လာတာတော့တာပေါ့… ”

“ဘယ်လိုတွေဖောက်လာတာလဲ.. ”

“ ဟင်း…. တဖြည်းဖြည်းနဲ့ ဇာတိရုပ်က ပေါ်လာတော့တာ…င့ါကို အကြောင်းမရှိ အကြောင်းရှာပြီး ရန်ရှာတာ.. လက်တွေပါပါလာတာ... သူ့မိဘတွေကလည်း မသိချင်ယောင် ဆောင်နေကြတာ… င့ါကို တစ်ကယ်ချစ်လိှု့ယူခဲ့တာမှ မဟုတ်တာ…. မိဘ စကားမလွန်ဆန်နိုင်လို့ ယူခဲ့တာတဲ့…

ငါက အသိမရှိတဲ့မိန်းကလေးလား… နင်စဉ်းစားကြည့်… ငါကကော မိဘစကားနားထောင်ပြီး ယူခဲ့တာပဲလေ.. ”

“ နားလည်မှု နဲ့ တည်ဆောက်နိုင်တာပဲ.. တာဝန်တွေ၊. သိတတ်မှုတွေ …ဒါတွေနဲ့လဲ ဖြစ်လောက်ပါတယ် ဆိုပြီး.. ငါက လက်ခံခဲ့တာ… ….. သူ့ကို ပညာတတ်တစ်ယောက်ဆိုပြီး ငါကလက်ခံခဲ့တာ…. ”

“အေးပါဟယ်.. ပြောရင်း..ဒေါသတွေ ပါလာကုန်ပြီ.. ငါ့သယ်ရင်းကတော့..”

“လူကြီးတွေစကားပြောနေတာကို အိမ်ရှေ့လေးမှာ ကစားနေတဲ့ သားငယ်လေးက ကွက်ကြည့်..ကွက်ကြည့်…

သူ့အမေ ငိုနေတာတွေ့တော့… အိမ်ပေါ်ကို တက်လာပြီး သီတာ့ရင်ခွင်ထဲ ၀င်ထိုင်လိုက်ပါတယ်..

“ ငါက ဒီကလေးမွေးပြီးတဲ့အထိ အားတင်းပြီးနေခဲ့တာ…အားကိုးမရှိတဲ့ငါက ငါ့ဗိုက်ထဲက ကလေးကိုပဲ ငါ အဖော်ပြုနေခဲ့တာ.. ငါ့မိဘက နယ်မှာဆိုတော့ ဘယ်လာနိုင်မလဲ… ငါ့ကို ကောင်းကောင်းနေရတယ်ဆိုပြီး…. အမေတို့က စိတ်ချမ်းသာနေတာတဲ့… ငါက မိဘတွေစိတ်ဆင်းရဲမှာ စိုးလို့ ဘာမှကိုပြန်မပြောဘူး..ခုတော့ အမေတို့လဲ.. သိသွားပြီလေ.. ပေးစားထားတာဆိုတော့… င့ါကိုဘယ် အပြစ်မြင်မလဲ.. ”

“ င့ါကိုများ မပေါင်းနိုင်ရင် ဆင်းသွားတဲ့… ဘယ်ရမလဲ.. အေး… တစ်ခါတည်း ပြတ်မယ်ဆိုပြီး.. ငါ ကွာရှင်းခဲ့တာ…. ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်သယ်ရင်းဟာ…”

“ကွာရှင်းစာချုပ်လက်မှတ်ထိုးတဲ့နေ့က ငါ့အတွက် အမှတ်တရပဲ…. ဘယ်တော့မှမမေ့ဘူး… ကလေးမျက်နှာကိုတောင် တစ်ချက်လှည့်မကြည့်တဲ့သူ့ကို… ငါ တစ်ကယ်အံ့သြတယ်… ”

“အေးပါဟယ်… ခုကော နင်တို့ ဘယ်လိုတွေ နေနေကြလဲ… အဆင်ကောပြေကြလား… ”

“ စိတ်မပူပါနဲ့ ..သူဇာ. ငါ..ငါ့ဘ၀ကိုကောင်းကောင်း ကြိုးစားသွားမှာပါ… ငါ့သားလေးရောပေါ့… လူတော်ပြီး မကောင်းတဲ့ သူ့အဖေလိုလူမျိုး ဘယ်တော့မှ မဖြစ်စေရဘူး…”

ကလေးမုန့်ဖိုးဆိုပြီး ကျွန်မပေးတာကိုတောင် လက်မခံတဲ့ သီတာ့စိတ်ဓာတ်ကတော့… အရင်ကတည်းကပါ….

အထက်တန်းကျောင်းသူဘ၀ကတည်းက အတွဲညီခဲ့တဲ့ ကျွန်မတို့ နှစ်ယောက်ကတော့ တက္ကသိုလ်ရောက် ကျောင်းပြီးတဲ့အထိပါပဲ…နယ်ကလာပြီး အဒေါ်အိမ်မှာ ကျောင်းတက်ရတာမို့.. သူငယ်ချင်းနည်းနေတဲ့သူက ကျွန်မကို အရမ်းခင်သွားခဲ့တာ.. နာမည်ဆင်တူ နှစ်ယောက်မို့… နှစ်ယောက်သားက တစ်ကယ့်ညီမလိုပါပဲ…

ခုတော့. သီတာက ကလေးတစ်ယောက်နဲ့….

အိမ်ထောင်တစ်ခုကို တည်ဆောက်တာ နားလည်မှုရှိရင် ရတာပဲဆိုပြီး သီတာက ဆုံးဖြတ်ခဲ့တာ… တစ်ယောက်နဲ့တစ်ယောက် ချစ်ချင်းကိုစပြီး အခြေမခံခဲ့တာ အပြစ်ဖြစ်နေသလား… ကျွန်မ မသိတော့ပါဘူး…..

အဖိုးနဲ့ အဖွားလဲ ပေးစားလို့ ယူခဲ့ကြတာတဲ့… ဒါပေမယ့်လဲ ..အသက်ကြီးတဲ့အထိ သားသမီးတွေနဲ့ ပျော်ပျော်နေခဲ့ကြတာပဲ… ကြာလာရင် သံယောဇဉ်က ဖြစ်လာတယ်ဆို… သူတို့ကျတော့..ဘယ်လိုဖြစ်တာလဲ….

သီတာ့အိမ်ကအပြန်ကတော့ တွေးစရာတွေက များလို့သာနေပါတယ်.. ကိုယ်မသိတဲ့ ပုစ္ဆာတစ်ပုဒ်ကို အတင်းကြီး အဖြေထုတ်ဖို့ မကြိုးစားချင်တော့……….။

သီတာ့လိုမျိုး နောက်ထက် ဘယ်လောက်တောင်များ ရှိနေကြသေးလဲဆိုတာ…. မတွေးတော့ပါဘူး….

ညားသူတိုင်းလဲ ချစ်ကြပါစေလို့သာ.. ဆုတောင်းရုံကလွဲလို့ ကျွန်မ ဘာများတက်နိုင်ပါဦးမလဲနော်…………..

2 comments:

ညှားသူတိုင်း မချစ်ကြတာတွေ အတော်များများတွေ့တွေ့နေ၇တယ် စိမ့်စမ်းရေ.. မြင်ရ ကြားရသူအဖို့ စိတ်မကောင်းစရာတွေပေါ့၊ လက်တွေ့ပြရရင်တော့ အမတစ်ယောက် ကလေးသုံးယောက်နဲ့ မုဆိုးမဖြစ်ပြီး ကျန်ခဲ့တယ်ဆိုပါတော့လေ။ စိမ့်စမ်းပြောသလိုပဲ ညှားသူတိုင်း ချစ်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ညားတိုင်းလဲချစ်ကြပါစေဗျာ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More