Sunday, November 20, 2011

ကျွန်မ ..ကန်စွန်းရွက်နဲ့.. အဒိန္နာဒါနာ

ကျွန်မ….၊ ကန်စွန်းရွက်နှင့် အဒိန္နာဒါနာ

ဆောင်းတွင်းရောက်လာပြီမို့ထင်တယ်.. ညနေပိုင်းတွေဆို ခပ်စောစောမိုးချုပ်တတ်တာမို့ ခုဆို ကျွန်မ အလုပ်ကနေ ခပ်စောစောလေး ပြန်ရပါတယ်… အလုပ်နဲ့အိမ်ကလည်း အတော်လေးဝေးတာမို့ ကားဒုက္ခလဲ အနည်းငယ်ခံရပါသေးတယ်။ တစ်နာရီနီးပါး နေ့တိုင်းစီးရတဲ့ ဒဏ်ကတော့ မိုးချုပ်လေ ပိုဆိုးလေပါ။…. ခုတော့ ခပ်စောစောလေး ပြန်တော့ ကားကြပ်တာ သက်သာတာပေါ့နော်…. ညနေပိုင်း အိမ်မှာ ကလေးတွေကို စာသင်ပေးတဲ့အလုပ်ကလည်း ရှိသေးတော့ ခပ်စောစောပြန်တော့ ပိုပြီးအချိန်ကြာကြာသင်ရတာပေါ့…..။

200 တန်ကားပေးစီးရပေမယ့် လူကတော့ ကြပ်မြဲပါပဲ.. ကိုယ်ဆင်းမဲ့ မှတ်တိုင်မရောက်ခင်ကတည်းက ကြိုထရပြန်ရင်လည်း အပြောကခံရသေး….. မှတ်တိုင်ရောက်မှ ထ တော့လည်း ကားက ကြာကြာမရပ်ချင်….. ဒီလို အခြေအနေမျိုးကို ရင်ဆိုင်နေရတဲ့ ကျွန်မတို့ကတော့ လောကဓံတရားထဲသာ နောက်ထပ်တစ်ပါးထပ်ထည့်လိုက်ချင်ပါသေးတယ်…

ကားစီးတဲ့ဒုက္ခ ကဘယ်လောက်ပဲဒုက္ခရောက်ပါစေ မှတ်တိုင်မှာ လာစောင့်နေတဲ့ ကျွန်မတပည့်လေးတွေရဲ့ မျက်နှာကိုမြင်လိုက်ရရင်တော့ အမောတွေပြေရပါတယ်.. ကလေးတွေကလည်း လာကြိုတယ်ဆိုတာသာ အကြောင်းပြတာ.. အိမ်ပ်နေခပ်စောစောထွက်လာကြပြီး လမ်းမှာ ကစားရတဲ့ အခွင့်အရေးကလည်းရတာမို့ သူတို့အတွက်တော့ ကျွန်မက ခုတုံး တစ်ခုပဲပေါ့…….

ကျွီ…. “ဟိုမှာတီချယ်..”

ခပ်ဝေးဝေးကတည်းကကြားလိုက်ရတဲ့ ချစ်ဝိုင်းအသံကြောင့် ကျွန်မ လှည့်ကြည့်မိပါတယ်…. ဆွဲခြင်းတောင်းကို ဟိုလု၊ ဒီလု ၀ိုင်းလုကြတော့တာပဲ…ကျွန်မတို့ကိုတော့ အနားက ဆိုက်ကားသမားဦးလေးတွေက သိနေပါပြီ…. 7တန်းအရွယ်ရှိတဲ့ချစ်ဝိုင်းက အတန်းအကြီးဆုံးပါ။… ကျန်ကလေးငယ်တွေကို ဦးဆောင်ပြီး သူခေါ်လာတာ…. ။ အိမ်ရောက်ဖို့ မိနစ် 20 လောက်လျှောက်ရတဲ့ ခရီးကတော့ ကလေးတွေရဲ့ အသံတွေနဲ့ဆူညံနေပါတယ်… သူတို့ရဲ့ကျောင်းမှာတစ်နေ့တာ အဖြစ်အပျက်တွေကော…. မုန့်စားတာတွေကော….. အရိုက်ခံရတာကော၊ မခံရတာကော. .အို… အကုန်. အကုန်.. ပြောတော့တာပဲ…

ကျွန်မတို့လမ်းလျောက်လာကြရင်း.. ရှေ့နားမှာ လူတွေတစ်ယောက်တစ်ပေါက်ပြောနေကြတာကို ခပ်ဝေးဝေးကတည်းက ကြားနေရပါတယ်…။

“ဟဲ့ ကလေးမ နောက်တစ်ခါလာရင်တော့ မလွယ်ဘူးနော်နင်.. ဘယ့်နှယ့်အေ… သူများဟာမှန်းကိုယ့်ဟာမှန်းမသိ”

“ ရတာ အကုန် ယူမဲ့ဟာတွေ”

ခပ်၀၀ အဒေါ်ကြီးက ရှေ့မှာရှိနေတဲ့ 10 နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ဒေါနဲ့မောနဲ့ ပြောနေတာပါ… သူများအပြောခံနေရပေမယ့်. မျက်နှာတစ်ချက်မညှိုးတဲ့ ကလေးမကတော့ ပေကပ်ကပ်….

“အေးလေ.. ငါလဲ အသံကြားလို့ ထွက်ကြည့်တာ..ဘယ်က ဟာတွေမှန်းကိုမသိပါဘူး..” “တော်တော် လက်ရဲ ဇာတ်ရဲ နိုင်တဲ့ဟာတွေ…”

“ရပ်ကွက်တကာ လှည့်နေတာလေ… ” “ ဒါတောင် ငါအတွေ့မြန်လို့..”

မိန်းမကြီး ၃ လေးယောက်လောက် ဆူညံစွာပြောနေပုံကိုကြည့်ရတာနဲ့တင်… ကျွန်မတွက်လို့ရပါတယ်…. အဲ့ဒိအန်တီကြီးတွေက စည်ပင်လိုင်းခန်းကပါ… အရင်က ကျွန်မတို့ လမ်းထိပ်မှာ ကန်ကြီးတစ်ခုရှိပါတယ် နွေရာသီဆို ရေတွေခမ်းခြောက်နေတတ်တယ်လေ.. မိုးရာသီတစ်ခုသာ ရေနည်းနည်းပဲရှိတာမို့ အဲ့ဒိရေကန်ကို မြို့တော်စည်ပင်က မြေတွေဖို့ပြီး စည်ပင်လိုင်းခန်းလုပ်ကာ ပေးနေစေတာဖြစ်ပါတယ်..

ရပ်ကွက်၂ခုစာရဲ့ အနောက်ပိုင်း ဖြစ်တာမို့ တော်တော်များများရဲ့ အိမ်အနောက်ပိုင်းများ မျက်နှာ မူထားရာ နေရာလဲ ဖြစ်တယ်လေ… ရပ်ကွက်ဓမ္မာရုံရဲ့နောက်ကျောဘက်လဲကျတာမို့… စည်ပင်လိုင်းခန်းက သီးသန့် ၀င်းကြီးတစ်ခုပါ..

ပြဿနာက ကန်စွန်းရွက်ခူးတာပါ… ရေကန်ငယ်ငယ်ကလေးတွေနဲ့ ကန်စွန်းခင်းစိုက်ထားကြတာတွေကို ကလေးတွေလာခူးကြတာပါ… တစ်ချို့များကျတော့လည်း ဒီကခူး ဟိုမှာပြန်ရောင်းစား….အဲ့လိုလုပ်စားနေကြတဲ့ သူတွေလည်း ရှိတယ်လေ…..

“တီချယ်.. ဟိုကောင်မလေးက ဘာဖြစ်တာလဲဟင်…” 2 တန်းအရွယ်ကျောင်းသူလေးက ကျွန်မလက်ကိုကိုင်ထားရင်းက မော့ကြည့်ပြီးမေးလာတာမို့… ကျွန်မလဲ အလိုက်တသိနဲ့ ပြောပြရပါတယ်…

“သူများပစ္စည်းမသိအောင်ယူတာလေသမီးရဲ့ ….. ”

ကျန်ကလေးငယ်များကတော့ စိတ်ထဲက သူတို့ဘာသာသိသလိုနဲ့ မျက်နှာလေးတွေကတော့ တခုခုဖြစ်သွားသလိုပါပဲ… အဒေါ်ကြီးတွေရှေ့မှာ အပြောခံနေရတဲ့ ကောင်မလေးကို သူတို့စိတ်ထဲ တခုခု ဖြစ်သွားကြတယ်ထင်ပါတယ်…

ခဏတာမျှ ကျွန်မတို့လဲ စကားသံတွေတိတ်သွားတာကို… ကျောင်းသားတစ်ယောက်က စကားစ လိုက်ပါတယ်…

“တီချယ်… ဟိုကောင်မလေးက ခိုးတာလားဟင်… ” “ အေးပေါ့ သားရယ်.. တစ်ကယ်တော့ သူများပစ္စည်းဆိုတာ မသိအောင် ယူတော့ ခိုးတာပဲပေါ့.. ..အဲ့လိုခိုးမိတာကြောင့် ခုလို အရှက်ရစရာတွေ ဖြစ်ရတာပေါ့… သားတို့လဲ နောက်ဆို သူများပစ္စည်းတွေကို ပိုင်ရှင်မသိအောင် မယူရဘူးနော်…. ကြားလား”

“ ဟုတ်ကဲ့ ”

ကလေးများရဲ့ သံပြိုင်ဖြေလိုက်သံကြောင့် ကျွန်မလဲ တစ်စုံတစ်ရာကို အားရှိလို့သွားပါတယ်…

ကျွန်မမှာလဲ .. ဒီလို နမူနာလေးတစ်ခုရှိခဲ့တယ်လေ.... ညာဘက်လက်မမှာ ခုထိ ကျန်နေတဲ့ အမာရွတ်လေးက ငယ်ငယ်က ကန်စွန်းရွက် သွားခူးမိလို့ ရတာဆိုရင်.. ကလေးတွေကော ကျွန်မ သူငယ်ချင်းတွေကော ယုံပါ့မလားဟင်….မှတ်မိပါသေးတယ် အဲ့ဒိတုန်းက အရွယ်က 5 တန်း….

***** ***** *****

ဟဲ့..နင်တို့ဘယ်ကပြန်လာကြတာလဲ… .. ဒီမှာလေ.. ကန်စွန်းရွက်တွေတွေ့ဘူးလား…

အေးနော်.. အများကြီးပဲ.. ဘယ်ကခူးလာကြတာလဲ… ဓမ္မာရုံနောက်ကလေ..ကြော်စားကြမယ်… နင့်ကိုကျွေးဘူး..

ကလေးဘ၀က သိပ်ကိုလွတ်လပ်ကြတာ…..သူများလုပ်ချင်တာဆို လိုက်လုပ်ချင်တာကြတာ ကလေးသဘာဝလေ… ခုလဲ သူရတို့တွေ ကန်စွန်းရွက်ခူးပြီးပြန်လာကြတာမြင်ရတော့ ကျွန်မလဲ အားကျစိတ်တွေဖြစ်လာတာပေါ့… ကိုယ်လဲလိုက်ခူးချင်တာပေါ့နော်.. ဘာရယ်တော့မဟုတ်ပေမယ့်… ကျွန်မလဲ ကန်စွန်းရွက်ကြိုက်တယ်လေ…

“ဟဲ့ နောက်တစ်ခါဆို ငါ့ကိုပါခေါ်ဟာနော်.. ငါလဲလိုက်ချင်လို့”

“ဟာ နင့်အမေ ဆူလိမ့်မယ် မလိုက်နဲ့… ငါတို့က ဘောလုံးကန်ရင်းနဲ့ ခူးလာတာဟ…”

“သိသားပဲ..င့ါကိုမခေါ်ချင်လို့မလား.. ငါက နဲနဲပဲခူးမှာပါဟ… ခေါ်ဟာနော်… ”

“အေးဟာ အေးအေး”

ဒီနေ့ စနေနေ့ ကျောင်းပိတ်ရက်မို့ ကလေးတွေလမ်းထဲမှာ ဆူညံစွာကစားနေလေရဲ့… ကျွန်မကတော့ ကစားတာကိုစိတ်မရောက်နိုင်ဘူးလေ.. ဟိုကောင် သူရတို့ ဘယ်ချိန်များ ထွက်သွားမလဲဆိုပြီး စောင့်ကြည့်ရတာ…အမော..

လမ်းထိပ်ဓမ္မာရုံလေးဆိုတော့ ဘာကြာတာမှတ်လို့… လူကြီးတွေတောင် သိမှာမဟုတ်ဘူးလေ…

ဟော.. ကျွန်မကို လမ်းထိပ်ဘက်ကနေ အရိပ်အယောင်ပြလိုက်တာမို့ ကျွန်မလဲ မသိမသာလေးထွက်သွားလိုက်ပါတယ်..

“နင်တို့ကလည်းဟယ် ဘာလို့ လမ်းထိပ်ရောက်နေတာလဲ..ငါကြည့်နေ့တာ ဘယ်ချိန်ရောက်သွားတာလဲ ပြော”

“ ဟ… ငတုံးမ… ဟိုဘက်လမ်းကနေပတ်သွားရတာဟ..နင့်ကိုသနားလို့ ဒါတောင် ”

“အေးပါ…အေးအေး..”

ကျွန်မ ဓမ္မာရုံနောက်ကိုရောက်တော့ . ဟဲ့.. ဘယ်မှာလဲ ကန်စွန်းရွက်တွေ…

“ဟိုမှာလေ” သူရလှမ်းပြရာကိုကျွန်မ လှမ်းကြည့်လိုက်တော့.. ဟာ နင်တို့ကလည်း အဲဒါ သူများစိုက်ထားတာမလား…

“…နင်ကလည်း .. ခု ငါတို့ရောက်နေတာ ဘယ်သူမှမသိဘူးလေ.. အိမ်နောက်ဘက်တွေပဲကို… ပီးတော့ နဲနဲပဲ ခူးတဲ့ဟာကို.. ဘယ်သူမှမသိပါဘူးဟာ..”

သူရက ပြောလည်းပြော.. ကန်စွန်းခင်းထဲ ဆင်းသွားတာမို့ ကျွန်မလဲ နောက်က သာအသာလေး လိုက်သွားလိုက်ပါတယ်.. ရေကနည်းနည်းပါ.. ရေထဲမှာ တိုင်လေးတွေလည်း စိုက်ထားပါသေးတယ်… ၀ါးခြမ်းပြားလေးတွေပါ.. ခပ်တိုတိုကန်စွန်းပင်လေးတွေကို လက်နဲ့ အသားဖြတ်ပြီး အသင့်ယူလာတဲ့ အိတ်ထဲ ထည့်လိုက်ကြပါတယ်.. ကုံးကုံး ကုံးကုံးနဲ့ သွားရတာမို့ ခြေထောက်တွေလည်းညောင်းလို့နေပါပြီ။…၀တ်လာတဲ့ ဂါဝန်ကို ရေမစိုအောင်လက်တစ်ဖက်က ကိုင်ရပါသေးတယ်.. ကန်က သိပ်မတိမ်တော့ တစ်ယောက်ယောက်များမြင်သွားမလားဆိုပြီး ကျွန်မ စိတ်ပူမိပါသေးတယ်.. ကြောက်လဲကြောက်.. ခူးကလည်းခူးချင်မို့သာ……

အား…

ဟဲ့.. နင်ဘာဖြစ်တာလဲ.. ငါ့လက် တခုခုနဲ့ ခြစ်မိတာထင်တယ်….သွေးတွေထွက်လာပြီ…

အဟင့်…ဟင့်…အီး…ဟီး… ငါပြန်တော့မယ်…

ကျွန်မငိုတော့ ဟိုဘက်တွေရောက်နေတဲ့ တခြားသူငယ်ချင်းတွေလည်း စုပြီးရောက်လာပါတယ်… စုရုံးစုရုံးနဲ့ အနည်းငယ်ဆူညံသွားလို့ထင်တယ်… အိမ်တစ်အိမ်က အဒေါ်တစ်ယောက် ထွက်လာပါရော…

“ဟဲ့..ကလေးတွေ ဘာလုပ်နေကြတာလဲ… မပြေးနဲ့..”

“ဟဲ့..ဟိုမှာ လာပြီ… လာပြီ.. ငါကြောက်တယ်ဟာ…. ”

“ထွက်ပြေးလို့လဲမလွတ်တာမို့.. ကျွန်မတို့တွေ…မတ်တပ်ရပ်လျက်သာ နေလိုက်ကြပါတယ်… ”

“ဟင်.. နင်တို့ဘယ်ကကလေးတွေလည်း.ပြော… ဒီလိုပဲ လာခူးနေကျလား…

မိဘတွေဆီ သွားကိုတိုင်ပစ်မယ်… .. သွားကြတော့.သွား နောက်တစ်ခါဆို မလွယ်ဘူး.. ”

မျက်ရည်လည်ရွဲနဲ့ ကျွန်မကတော့ ကြောက်တာနဲ့ပဲ ဘာမှကိုပြန်မပြောနိုင်ပါဘူး.. လက်ထဲ့က ကန်စွန်းရွက်ထုတ်လေးတော့ ကျစ်ကျစ်ပါအောင်ဆုပ်လို့……တဟင့်ဟင့် ငိုရုံကလွဲလို့……..

***** **** *** *****

မေကြီး…..အီး..ဟီး..

ဟဲ့..ဟဲ့..ဘယ်လိုဖြစ်လာတာလဲ… မေးလဲမေး.. ကျွန်မကိုလည်း ထွေးပွေ့ရင်း.. နောက်ကလိုက်လာတဲ့ သူရတို့ကိုမြင်တော့မှ အားလုံးကိုသဘောပေါက်သွားကြတာပေါ့..

မိဘတွေကတော့ မဆူနိုင်သေးပါဘူး.. သွေးထွက်သွားတဲ့ ဒဏ်ရာကို အရင်ဆုံး စိုးရိမ်ကြရပါတယ်…မေးခိုင်ပိုးများ ၀င်မလားဆိုပြီး ဆေးလဲထိုးလိုက်ရပါသေးတယ်…. ငိုမဲ့မဲ့မျက်နှာလေးနဲ့ လက်ကဒဏ်ရာလေးကတော့ ကျွန်မကိုခုထိ အမှတ်ရနေဆဲပါ…… သူများပစ္စည်းကို မသိအောင်သွားယူမိလို့ ဘယ်လိုအပြစ်တွေ ခံရမလဲဆိုတာ ကလေးသဘာဝအနေနဲ့ ဘာမှမသိသေးပေမယ့်.. စိုးရိမ်စိတ်၊ ကြောက်ရွံစိတ် နဲ့ ရလာတဲ့ ဒဏ်ရာကြောင့်တော့ နောက်တစ်ခါဆိုတာ ကျွန်မအတွက်တော့ မရှိနိုင်တော့ဘူးလေ….. ကျွန်မကြောင့် တခြား ကလေးတွေလဲ ကြောက်သွားကြတာတော့တာ…..

နောက်တော့ အမေက အဲ့ဒိအန်တီကို သွားပြီးတောင်းပန်စကားဆိုပါတယ်.. အိမ်ထိလိုက်လာပြီး.. ကျွန်မကို လာကြည့်တယ်လေ… နောက်ကို လူကြီးတွေမသိအောင် ဘာမှ မလုပ်ရဘူးလို့လဲ ပြောသွားသေးတယ်လေ…… ၀မ်းနည်းတတ်တဲ့ကျွန်မကတော့ မျက်ရည်လေး စမ်းစမ်းစမ်းစမ်းပေါ့…..

အင်း..ခုများတော့လဲ..ဒါတွေက ဟာသတစ်ခုလို.. နမူနာတစ်ခုလိုနဲ့… ကျွန်မကတော့ တွေ့သမျှကို လိုက်ပြီးပြောပြနေတော့တာ…. ငယ်ငယ်တုန်းက အဖြစ်အပျက်ပေါ့နော်….. ကျွန်မတို့သာ အသက်ကြီးလာတာ.. အဲ့ဒိကန်စွန်းခင်းပိုင်ရှင်အန်တီကတော့ ခုထိရောင်းတုံးပါပဲ….. လမ်းတွေ့ရင် အပြုံးမပျက် နှုတ်ဆက်ရင်း… ၀မ်းနည်းမှု၊ ကြောက်ရွံမှုလဲ မရှိတော့ဘူးလေ….

ကလေးတွေရဲ့ စာသင်တဲ့ဆရာမဖြစ်နေလေတော့ သူတို့လေးတွေကိုတော့ ကျွန်မ တက်နိုင်သလောက်တော့ သွန်သင်ပေးရပါတယ်..တစ်နေကုန်လှုပ်ရှားမှ ၀မ်းဝရတဲ့ မိသားစုတွေသား များတာမို့ ကလေးတွေကို ပညာပေးပြောဆိုဖို့ တော်တော်များများမိဘတွေက မတက်နိုင်ကြဘူးလေ.. ဗဟုသုတအား အရမ်းနည်းတာမို့ ကျွန်မ သိသလောက်ကို သူတို့လေးတွေ နားလည်အောင်တော့ ကြိုးစားရတာပေါ့လေ…

ဒီနေ့တော့ ကျွန်မကိုလာကြိုရင်း.. သိသွားတဲ့ သူတို့ အသိလေးတွေက စာကျက်လို့ရတဲ့ အသိတွေထက် ပိုပြီးမှတ်မိလွယ်မှာပါ… ကျွန်မရဲ့ ဥပမာနဲ့ဆိုရင်တော့………….

ကလေးတွေရင်ထဲတော့ ငါးပါးသီလကို တစ်ပါးတော့ အလွတ်ရနိုင်ကောင်းပါရဲ့……….

ကြိုးစားပါဦးမည်…..။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More