Sunday, November 27, 2011

အမှောင်ထဲက....အား..

အမှောင်ထဲက အား

မိုးက တစိမ့်စိမ့်လေးအေးနေသည်… မကြာမကြာ တိုက်လိုက်သောလေကြောင့် ကျောထဲစိမ့်ချင်ချင်….. မေညိုတစ်ယောက် အလုပ်သာလုပ်နေရတာ… စိတ်တွေက ယောက်ယက်ခက်နေသည်.... မနေ့က မိတင်နုပြောလိုက်တဲ့စကားကြောင့်…
မိညို…ညည်းယောက်ျားကို.. ဟိုဘက်ရွာမှာတွေ့တယ်တဲ့…ငါ့ကို ကိုသာလှကြီးပြောတာ
12 နှစ်လုံးလုံး မေ့ပျောက်ထားခဲ့တဲ့ ဒီကိစ္စက ခုမှပြန်ပေါ်လာတာ…… မတော်လို့များ ဒီရွာကို ရောက်လာရင်….
***** ************
ကျောင်းပိတ်ရက်မို့.. ကျွန်မ အလုပ်တွေ ပိုများရပါတယ်.. ကိုင်းထဲဆင်းသွားတဲ့အမေ့နောက်ကိုလည်း လိုက်ရဦးမယ်လေ…. အ၀တ်လျော်.. ရေခပ်၊ အိမ်ကိုသန့်ရှင်းရေးလုပ်ပြီး… ခြံထဲလဲ ရှင်းလိုက်ပါသေးတယ်…။ အားလုံးပြီးရင်တော့ ထမင်းစားမယ်လေ…မနက်အစောထဲက မမေချက်ခဲ့တဲ့ ငါးငပိချက်က သူဇာ့အကြိုက်ပေါ့. ဗူးရွက်လေးပြုတ်ပြီး.. တို့ လိုက်လို့ကတော့.. ဘယ်ပြောကောင်းမလဲ ဆွဲပြီးသားပဲ.. ၃ . ၄ ပန်းကန်…..
၁၀ တန်းကျောင်းသူပေမယ့် အနေအေးပြီး လိမ္မာရေးခြားရှိလို့ သူဇာ့ကို တစ်ရွာလုံးက ချစ်ကြတယ်လေ… အမေ့ဇာတိရွာမဟုတ်ပေမယ့်.. ကျွန်မ အသက် ၂ နှစ်အရွယ်ကတည်းကပြောင်းလာတာမို့..ခုဆို ဒီရွာသားတစ်ယောက်လိုဖြစ်နေပါပြီ…
သင့်တင့်တဲ့ ခြံကလေးနဲ့ လုပ်စားစရာ ကိုင်းလေးယာလေးရှိတာမို့ ပြေလည်တာထက်.. ချောင်လည်ပါတယ်… သိပ်မဝေးလှတဲ့ရွာမှာ ကျောင်းသွားတက်ရတာလည်း သူဇာအရမ်းပျော်ပါတယ်… အမေက ခဏခဏပြောတယ်…အမေတို့တွေ ဒီရွာကိုပြောင်းလာတာ ကံတွေကောင်းလာတာပါပဲတဲ့… အစစအရာရာ အကုန် အဆင်ပြေတယ်ဆိုပဲ….. သိပ်တော့ နားလည်ပါဘူး… ထမင်းစားတာပဲကောင်းပါတယ်…..
လုပ်လက်စ အလုပ်လေးတွေ အားလုံးပြီးတော့… ကျွန်မထမင်းစားဖို့ပြင်လိုက်ပါတယ်… အမေ့အတွက် အရင်ခူးထည့်ထားလိုက်ပြီး အားရပါးရစားနေတဲ့ ကျွန်မ…..ခြံထဲကို အရိပ်တစ်ခု လှမ်းဝင်လာတာကြောင့်…အိမ်နောက်ဘက် ထမင်းစားခန်းကနေ အပြင်ကို ကဲ ကြည့်လိုက်ပါတယ်…
ခြံတခါးကိုတွန်းဖွင့်လာပြီး အိမ်ပေါ်ထိ ခပ်ရဲရဲတက်လာတဲ့ လူတစ်ယောက်ကြောင့် ကျွန်မ မင်သက်သွားပါတယ်. ဒီရွာသား မဟုတ်တာတော့ သေချာပါတယ်.. ခရီးသွားရင်း ၀င်လာတဲ့ပုံစံမျိုးကြီး……
” သမီး……”… ဘာလုပ်နေတာလဲ…. အဖေလေ…..
“ဟင်… အဖေ..” …. ၀ုန်း….
ဟဲ့…သမီး…မပြေးနဲ့လေ…..
အနောက်က လှမ်းပြောတဲ့ စကားသံတွေလည်း မကြားတော့ပါဘူး..တဒိတ်ဒိတ်ခုန်နေတဲ့ ရင်အစုံ၊ တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေနဲ့ ကျွန်မကိုတော့ ရွာလမ်းတစ်လျှောက်က လူတွေက အထူးအဆန်းသဖွယ်ဖြစ်နေပါတယ်..
မျက်နှာတစ်ပြင်လုံးထူပူပြီး.. တဆတ်ဆတ်ကိုတုန်နေတော့တာ… ကျွန်မဘ၀မှာ ဒီတစ်ခါသာကြားရပြီး မြင်လဲ မြင်ရတဲ့ အဖေဆိုတဲ့ အသံနဲ့ သက်ရှိလူတစ်ယောက်ကို နဖူးတွေ့ ဒူးတွေ့မြင်လိုက်ရတော့….ကျွန်မ…ကျွန်မ…

လမ်းတစ်လျှောက် ဘယ်သူ့ကိုမှမကြည့်ဘဲ…. ဟိုဘက်ကမ်း က အမေရှိတဲ့နေရာထိ အပြေးအလွှားနဲ့ပြေးနေတဲ့ကျွန်မကို အမေက အဝေးကတည်းက မြင်နေပါတယ်….
“အမေ..အမေ…”.. “ ဟဲ့… သမီး.. ဘာဖြစ်လာတာလဲ..ပြောစမ်း…အမေ့ကို… ”
“ အီး..ဟီး… အိမ်မှာ… အိမ်မှာ.. အဖေ…အဖေ….” …….“ ဟင်…… သောင်းစိန်….ဒင်း..ရောက်လာပြန်ပီပေါ့….”
အံကြိတ်ကာပြောလိုက်တဲ့ အမေ့အသံကြောင့်.. ကျွန်မ…ပို၍သာ စိုးရိမ်သွားပါတယ်…
***** ***** *****
မနေ့က ရင်တုန်တဲ့ကိစ္စက ဒီနေ့ထိ ကျန်နေတုန်းပဲ..… ကျောင်းသွားတာတောင် စိတ်ကမဖြောင့်…. တစ်နေရာရာကနေ… ရုတ်တရက် ထွက်လာလေမလား… ကျောင်းထိလိုက်လာမလား… စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်မကတော့ နေသားကျဖို့ အချိန်ယူရပါဦးမယ်….
ထူးထူးခြားခြား ဘာမှမပြောတဲ့ အမေ့ကိုလည်း နားလည်ပေးရပါတယ်…“သမီး..ဆိုပြီးခေါ်လိုက်တဲ့ .ဒီစကားလုံး.. ရင်းနှီးမှုမရှိတဲ့..ဒီစကားလုံးနဲ့ ကြင်နာစွာခေါ်လိုက်တဲ့ အသံကတော့..ကျွန်မရဲ့ မသိစိတ်ထဲ… အနည်းငယ်တော့ အမှတ်ရနေမှာပါ…. ။
လှည့်ကြည့်လှည့်ကြည့်နဲ့မို့ စက်ဘီးနင်းရတာတောင် အဆင်မပြေချင်တော့.. နောက်ကထိုင်လိုက်လာတဲ့သူငယ်ချင်းနဲ့ နေရာချင်းလဲလိုက်ရပါတယ်…
တစ်နေကုန်.ကျောင်းစာတွေထဲ စိတ်ကိုနစ်ထားပေမယ့်… အကြာမကြာ ပြန်မြင်ယောင်နေတာမို့.. မနည်းကို ဖျောက်ပစ်နေရတယ်.. အိမ်ရောက်ရင်တော့ အခြေအနေကြည့်ပြီး… အမေ့ကိုတော့ နည်းနည်းလောက်ဖြစ်ဖြစ် မေးမယ်လို့သာ…. ဆုံးဖြတ်လိုက်ပါတယ်…
ညနေ.အိမ်အပြန်ကတော့… ပေါ့ပေါ့ပါးပါးပါပဲ….အိမ်ကနေကျောင်းကို စက်ဘီးနဲ့တောင် နာရီဝက်ကျော်လောက် နင်းရတာမို့ ကျောင်းဆင်းအပြန်ကတော့.. အရမ်းကိုပျော်ဖို့ကောင်းတာ… တက်နိုင်သူများကျတော့.. ဆိုင်ကယ်တွေ တ၀ီဝီနဲ့….. အပြန်အလှန် .. စကြ…နောက်ကြ ရင်း… တစ်နှစ်ပြီးတစ်နှစ် ကုန်လို့သာသွားတာ… ဒီကျောင်းနဲ့… ဒီလမ်းကတော့.. ကျောင်းသားအားလုံးအတွက်… အမှတ်ရစရာတွေပါ….. စက်ဘီးကိုသာ အားပြုရတာမို့. တစ်အိမ်ကို စက်ဘီးတစ်စီးတော့ရှိရပါတယ်… မရှိသူများကျတော့… သူငယ်ချင်းနဲ့အဖော်ပြုပြီး… အတူတူသွား… အတူတူလာ….
“ဟေး… ငါတို့ကိုမှီအောင်လိုက်….”
နောက်ကနေဖြတ်ကျော်သွားတဲ့ စက်ဘီးတွေနောက်.. အတင်းမှီအောင်လိုက်ကြရင်းနဲ့… လူငယ်သဘာဝကတော့..တစ်ကယ့်ကို ပျော်စရာပါ..
“သူဇာ… ဟိုမှာ.. ဟိုမှာ..”………. “ ဟင်.. ဘာလဲ..”
သူငယ်ချင်းလှမ်းပြရာကို ကြည့်လိုက်တော့… .. မနေ့က အိမ်ကိုလာတဲ့ ကျွန်မရဲ့ အဖေရယ်လေ.... အိမ်တစ်အိမ်ကနေ… ကျွန်မတို့ ကျောင်းသားတွေအပြန်ကို ..စောင့်ကြည့်နေတာထင်တယ်… ကျွန်မကိုမြင်တော့ တောက်ပသွားတဲ့ အဖေ့မျက်လုံးတွေကို ကျွန်မ သေချာမြင်လိုက်ပါတယ်.. ။ နှုတ်ကနေ မခေါ်ဖြစ်ခဲ့ပေမယ့်.. ရင်ထဲကနေတော့.. ခပ်တိုးတိုးလေး ခေါ်ချင်မိနေတယ်..ထင်ပါတယ်….
အကင်းမသေသေးတဲ့.. ကျွန်မရဲ့ ကြောက်ရွံ့ခြင်းကတော့ စက်ဘီးကိုပဲ အသားကုန်နင်းမိလျက်သားဖြစ်နေပါတယ်….
**** **** ****
မေညိုနဲ့သောင်းစိန်တို့ အိမ်ထောင်ကျတော့.. အားလုံးက အားကျလိုက်တာ… နေနဲ့လ ရွှေနဲ့မြပေါ့… တစ်နယ်သားက ကိုယ့်ရွာသူကို တင့်တင့်တယ်တယ် တောင်းရမ်းယူတယ်ဆိုတော့ .. မေညို့မိဘများအပါအ၀င်. တစ်ရွာလုံးက ၀မ်းသာကြတာပေါ့… ရိုးသားစွာလုပ်ကိုင်ကြတော့လည်း စီးပွားက နေ့ချင်းညချင်းကို ဖြစ်ထွန်းလာတာ…
လယ်သမား၊ ကိုင်းသမားမဟုတ်တဲ့ သောင်းစိန်ကတော့… စပါးအ၀ယ်ဒိုင်ဖွင့်… နှုတ်သွက်၊ အာသွက်ကလေး.ဆိုတော့… လူတိုင်းကချစ်ခင်ကြတာပေါ့…. အိမ်ထောင်သက်တမ်း 2 နှစ်အထိ ကလေးမယူသေးပဲ.. စီးပွားဖြစ်အောင်လုပ်ကြမယ်လို့.. နှစ်ယောက်သား ဆုံးဖြတ်ထားခဲ့ကြတာ….ရည်ရွယ်ချက်တွေပြည့်တဲ့နေမှ သားသမီးယူဖို့လေ…
ဒီလိုနဲ့ 2နှစ်ကျော်လာတဲ့အခါမှာတော့… မေညိုတစ်ယောက် သူဇာကလေးကို မွေးဖွားခဲ့တယ်လေ… သားသမီးက ရတနာ ဆိုတော့ ၀မ်းသာရပေမယ့်.. လုပ်သမျှအလုပ်တွေအကုန်အဆင်မပြေတာတော့.ကံတရားအတိုင်းပဲပေါ့…ငွေမျှောငွေနဲ့လိုက်ရင်း… ရှာထားသမျှတွေကုန်တော့တာ…. ရိုးလွန်းလှပါတယ်ဆိုတဲ့သူလည်း.. အရက်သမားကိုဖြစ်ရော…. အရက်ကလွဲလို့ ဘာမှမသိတော့တဲ့ သောင်းစိန်ကတော့.. ကလေးနာမည်တောင် သိရဲ့လားမသိ……
စီးပွားရေးက အဆင်မပြေတော့ လင်မယားကတစ်ကျက်ကျက်…. အကြောင်းမရှိအကြောင်းရှာ..ရန်ဖြစ်… လင်မယားပဲ..ပြီးရင်ပြန်တည့်သွားမယ်ဆိုပြီး.. ဆွေမျိုးတွေက သဘောထားတော့… သောင်းစိန်အကြိုက်ပေါ့…. ကလေးငယ်လေးနဲ့ မေညိုကတော့ မိဘအိမ်ပြေးလိုက်၊ ဆွေမျိုးအိမ်ပြေးလိုက်……
စီးပွားရေးက အဆင်မပြေတာထက် ဘာမှကိုမရှိတော့တဲ့ဘ၀ကို တဖြည်းဖြည်းနဲ့ကိုရောက်လာတာ… ပြန်သင့်မြတ်ဖို့စကားစလိုက်တာနဲ့ ရန်စကားပဲပြောလာတာ…. မိန်းမနဲ့ယောင်္ကျား အင်အားကမမျှတော့.. ခံရသူကမေညိုပဲပေါ့…ချစ်လွန်းလို့ ယူခဲ့ကြပေမယ့်.. ခုကျတော့. လင်ဆိုးမယားဘ၀ကိုရောက်လာတော့တာ…. ရန်ဖြစ်တော့ စကားမပြော စကားမပြောတော့ အိမ်ကဆင်း… အင်း… အဲ့လိုနဲ့ သောင်းစိန်တစ်ယောက် ပြန်လာမလာ…. 12 နှစ်ရှိပြီ…
ခုလည်း ဘ၀ကထူးခြားမလာ.. အရက်သမားဘ၀က မလွတ်မြောက်နိုင်သေးဘူးပေါ့…
***** ***** ***** *****
တစ်ခါမှ မမေးကြည့်ဖူးတဲ့ အမေ့အကြောင်းကို ကြားလိုက်ရတော့… ကျွန်မ အမေ့ကို ပို၍သာ သနားသွားရပါတယ်…. မိဘတွေခေါင်းချခဲ့တဲ့ ကိုယ့်နေရပ်ကနေ… ခုနေတဲ့ရွာကို ဘယ်သူ့အားကိုးမပါပဲနဲ့ တစ်ယောက်တည်းပြောင်းလာပြီး ဘ၀ကို ရင်ဆိုင်လာတာ…

ခြင်ထောင်ထဲ အတူအိပ်နေရပေမယ့်.. ကျောခိုင်းထားတဲ့ ကျွန်မတို့ သားအမိရဲ့ စိတ်ထဲမှာတော့ အတွေးတွေက ပြောင်းပြန်တော့ ဖြစ်နေလောက်ပါတယ်…. အမေက..ဘာတွေများတွေးနေမလဲ…. ကျွန်မကကော.. အဖေကို ဘယ်လိုဆက်ပြီး ရင်ဆိုင်သွားရမလဲ…. ကျွန်မရဲ့ စိတ်ကူးထဲက မိသားစုပုံလေးက ဒီလိုမှမဟုတ်တာ… ချစ်ခင်မှုအားနည်းတဲ့ အဖေ့ကို ကျွန်မက ဘယ်လို အားမျိုးနဲ့ ပုံသွင်းယူရပါ့မလဲနော်… အမေကကော.. ခွင့်ပြုပါ့မလား…
အဖေ..လို့ ခပ်တိုးတိုးလေးခေါ်ကြည့်လိုက်တော့…. ထူးဆန်းစွာနဲ့ ပြန်ကြားရတဲ့ ကျွန်မနားထဲတော့… သမီး တဲ့လေ… အင်း…ဒီလိုဆိုရင်တော့..ဘယ်လောက်များပျော်ဖို့ကောင်းလိုက်မလဲနော်..“ ဟေး…. ပျော်လိုက်တာ..” ဆိုပြီး ကျွန်မ က၊ ခုန် နေမိတော့မှာ..
တခြားသူငယ်ချင်းတွေရဲ့ရတဲ့ မိဘမေတ္တာထက် အမေက ကျွန်မကိုပေးတဲ့ မေတ္တာက ပိုလောက်ပါတယ်… အဖေ့မေတ္တာက ကျွန်မလိုချင်သလို ပုံသွင်းယူရတဲ့အရာဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲနော်…
**** *****
ကျောင်းသွား၊ ကျောင်းပြန် စောင့်ကြည့်ပေမယ့် အဖေ့ရဲ့အရိပ်လေးတောင် မတွေ့ရတော့…ကျွန်မ တစ်ခုခုကို ၀မ်းနည်းမိသလိုလို……. ရွာထဲကပြောတော့..တခြားရွာကို .. သူ ပြောင်းပြန်ပြီတဲ့လေ… အခြေတကျမရှိတဲ့ ဘ၀က ဘာများကောင်းလို့လဲနော်.. အခါအခွင့်သင့်ရင်တော့ အပြင်မှာ အဖေလို့ တစ်ခါလောက်တော့ ခေါ်ခွင့်ရချင်ပါတယ်..
ခုတော့ ညဘက်တွေဟာ ကျွန်မရဲ့ စိတ်ကူးယဉ်စရာတွေပေါ့.. ပျော်စရာမိသားစုလေးကို ကိုယ့်ဘာသာတည်ဆောက်တယ်… ကျွန်မလိုချင်တဲ့ မိဘမေတ္တာကို ကိုယ့်ဘာသာလုပ်ယူတယ်.. တခါတခါများဆို အဖေကလေ. ကျွန်မ ကို ရိုက်တယ်.. ဆူတယ်… စာမရရင်လည်း စာတွေရှင်းပြပေးတယ်….. စိတ်ဓါတ်ကျနေရင်လည်း.. အားပေးတာပေါ့…. ကျွန်မကို ဆူတဲ့အခါများဆို အမေက လုံးဝကိုမကြိုက်……..။
ကျွန်မဘ၀ထဲ အဖေရောက်လာတဲ့ရက်ကစပြီး.. တစ်နေ့တစ်နေ့တော့ ပျော်စရာရက်တွေပါပဲ……………………။
အမေက ကျွန်မရဲ့လက်တစ်ဖက်ဆိုရင် .ခုက လက်နှစ်ဖက်ရနေပြီလေ.. ကျွန်မရဲ့ အမှောင်ထဲက အဖေပေါ့….
သူဇာလေး

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More